အီရန်ခရီးသည်တင်လေယာဥ်တစ်စီး ပြေးလမ်းကိုကျော်လွန်ပြီး အဝေးပြေးလမ်းမတစ်ခုပေါ်ကို ရောက်ရှိသွားခဲ့ကြောင်းနဲ့ သေဆုံးဒဏ်ရာရသူ မရှိခဲ့ဘူးလို့ အစိုးရပိုင် ရုပ်မြင်သံကြားသတင်းက ပြောပါတယ်။
(Photo: AP)
အဆိုပါ ခရီးသည်တင်လေယာဥ် ယမန်နေ့ (ဇန်နဝါရီ ၂၇ ရက်) က နိုင်ငံအနောက်တောင်ပိုင်း Bandar-e Mahshahr မြို့မှာ ဆင်းသက်ခဲ့စဥ် အရှိန်လွန်ပြီး လေယာဥ်ကွင်းပြေးလမ်းကိုကျော်လွန်ကာ အဝေးပြေးလမ်းမပေါ်ကို ကန့်လန့်ဖြတ်အနေအထားဖြင့် ရောက်ရှိသွားခဲ့ပါတယ်။
Mahshahr လေဆိပ်ကိုရောက်ရှိလာစဥ် လေယာဥ်မှူးက လေယာဥ်ကို ဆင်းသက်ရာမှာ အလွန်နောက်ကျသွားခဲ့ရာမှာ ပြေးလမ်းကိုကျော်လွန်သွားခဲ့ကြောင်း Khuzestanပြည်နယ် လေကြောင်းပျံသန်းမှု အာဏာပိုင်အဖွဲ့ အကြီးအကဲ Mohammadreza Rezaeia ကို ကိုးကားပြီး အစိုးရပိုင် ရုပ်မြင်သံကြားသတင်းက ပြောပါတယ်။
(Photo: Reuters)
ခရီးသည်တင်လေယာဥ်ဟာ ပြေးလမ်းကိုကျော်လွန်သွားပြီးနောက် လေဆိပ်နဲ့ကပ်လျက် အဝေးပြေးလမ်းမပေါ်မှာ ရပ်တန့်သွားခဲ့တာ ဖြစ်ပါတယ်။ McDonnell Douglas အမျိုးအစား လေယာဥ်ဟာ အီရန်အခြေစိုက် Caspian လေကြောင်းလိုင်းမှဖြစ်ပြီး တီဟီရန်မြို့ရှိ Mehrabad လေဆိပ်ကနေ ထွက်ခွာလာခဲ့ကြောင်း သိရပါတယ်။ လေယာဥ်ပေါ်မှာ ခရီးသည် ၁၃၅ ဦးနဲ့ လေယာဥ်အမှုထမ်းများ လိုက်ပါလာခဲ့ပါတယ်။ အီရန်လေကြောင်းပျံသန်းမှု အာဏာပိုင်အဖွဲ့က ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း ထုတ်ပြန်ပါတယ်။
Source: AFP