အိန္ဒိယဈေးကွက်မှာတော့ Xiaomi ဟာ နံပါတ်တစ်ဖြစ်နေဆဲပါ။
ပြီးခဲ့တဲ့ ၃ နှစ်လုံး Xiaomi ဟာ အိန္ဒိယဖုန်းဈေးကွက်ရဲ့ရောင်းအားအကောင်းဆုံးဖုန်းအမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီလို ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းဈေးကွက်ကို လွှမ်းမိုးနိုင်တဲ့အကြောင်းရင်းတစ်ခုက အရည်အသွေးကောင်းတဲ့ Redmi Note စီးရီး စမတ်ဖုန်းတွေကို ဈေးချိုချိုနဲ့ ရောင်းချနိုင်ခဲ့တာကြောင့်ပါပဲ။
Photo: techgoing
၂၀၁၄ ခုနှစ်မှာ Xiaomi ရဲ့ ပထမဆုံး Redmi Note ဖုန်း ထွက်ရှိပြီးချိန်က စလို့ ဒီနေ့အချိန်အထိ အိန္ဒိယဖုန်းဈေးကွက်ထဲမှာ Redmi Note စီးရီး စမတ်ဖုန်းအလုံးရေ ၇၂ သန်းကျော် တင်ပို့နိုင်ခဲ့ပြီလို့ Redmi India ရဲ့ Twitter စာမျက်နှာမှာ ကြေညာပါတယ်။ အိန္ဒိယဈေးကွက်အတွင်း Redmi Note ရောင်းအား ၈ နှစ်ပြည့်ပွဲမှာ အခုလို ကြေညာလိုက်တာပါ။ ပြီးခဲ့တဲ့နှစ်က ကုမ္ပဏီရဲ့ ထုတ်ပြန်တဲ့ အချက်အလက်အရ တစ်ကမ္ဘာလုံးမှာ Redmi Note ဖုန်း အလုံးရေ သန်း ၂၄၀ ရောင်းချနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ်အထိ Redmi Note ဖုန်း ရောင်းအားပမာဏတော့ မသိရသေးပါဘူး။ လက်လီအရောင်းကွန်ရက်ကို အမြန်တိုးချဲပြီး အောင်မြင်မှုတွေ သိမ်းပိုက်နိုင်ခဲ့တဲ့ Xiaomi ဟာ အိန္ဒိယတစ်နိုင်ငံတည်းတင် လက်လီစတိုး နဲ့ Service Centers ပေါင်း ၃၀၀၀ အထိ ဖွင့်လှစ်ထားပါတယ်။ ၈ နှစ်ပြည့် Redmi Note ဖုန်း မိတ်ဆက်မှုအထိမ်းအမှတ်အနေနဲ့ Xiaomi Redmi Note 11 နဲ့ Redmi Note 11S တို့ကို ရူပီး ၁၅၀၀ (မြန်မာငွေ ၄ သောင်းခန့်) Discount ပေးခဲ့ပါတယ်။