အိန္ဒိယထုတ် Twitter စတိုင် Miroblogging အက်ပလီကေးရှင်း Koo ဟာ ဒီနှစ်ထဲ ပြည်တွင်းဈေးကွက်မှာ Twitter ကို ကျော်တက်နိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။
Koo app အနေနဲ့ ၂၀၂၂ ခုနှစ်အတွင်း အိန္ဒိယမှာ သုံးစွဲသူဦးရေ ၂၅ သန်း ရှိတဲ့ Twitter ကို ကျော်နိုင်ဖို့ ရည်မှန်းထားတာလို့ ပူးတွဲတည်ထောင်သူ မာယန့်ခ် ဘီဒါဝတ်ကာက ပြောပါတယ်။ ၂၀၂၀ နှစ်ဆန်းပိုင်းမှာ စတင်ဖြန့်ချိခဲ့တဲ့ Koo App ဟာ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ အိန္ဒိယဈေးကွက်အတွင်း ဒေါင်းလုပ်ဆွဲမှုပေါင်း သန်း ၂၀ အထိ ရရှိခဲ့တယ်လို့ BBC သတင်းက ဖော်ပြပါတယ်။
Photo: bizbehindsports
"အခု ကျွန်တော်တို့ App ကို အင်္ဂလိပ်စာအပါအဝင် ဘာသာစကား ၁၀ မျိုးအထိ သုံးနိုင်ပြီ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ အိန္ဒိယရ့ တရားဝင်ဘာသာစကား ၂၂ မျိုးလုံးနဲ့ သုံးနိုင်အောင် လုပ်ဆောင်သွားမှာပါ။"လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်းက အိန္ဒိယအစိုးရနဲ့ အမေရိကန် microblogging ပလက်ဖောင်းဖြစ်တဲ့ Twitter တို့အကြား ပြဿနာတက်ခဲ့ချိန်မှာ ပြည်တွင်းဖြစ် Twitter စတိုင် Koo ကို လူသုံးများခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီရဲ့ BJP ပါတီအစိုးရအဖွဲ့ဟာ လယ်ယာဥပဒေသစ်အပေါ် လယ်သမားတွေကန့်ကွက်ဆန္ဒပြမှုနဲ့ ဆက်စပ်တဲ့ Tweets တွေ အကောင့်တွေဖြုတ်ချဖို့ Twitter ကို ဖိအားပေးခဲ့ရာကနေ ပြဿနာတက်ခဲ့တာပါ။
အိန္ဒိယတောင်ပိုင်း နည်းပညာမြို့တော်ဖြစ်တဲ့ ဘန်ဂလောမှာ အခြေစိုက်တဲ့ Koo App ဟာ အစိုးရရဲ့ Aatmanirbhar App Innovation Challenge ဆု ရထားတဲ့ အက်ပလီကေးရှင်းဖြစ်ပြီး ၂၀၂၀ မတ်လထဲမှာ Aprameya Radhakrishna နဲ့ Mayank Bidawatka တို့က စတင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
Photo: BGR
Twitter လိုမျိုး ကိုယ့်အမြင်ကို ပို့စ်တင် မျှဝေနိုင်ပြီး တခြားသူတွေကိုလည်း Follow လုပ်နိုင်တဲ့ ဒီ App ဟာ စကားလုံး ၄၀၀ အထိ ခွင့်ပြုထားပြီး တခြားသူတွေနဲ့ စကားပြောတာ ၊ ရုပ်သံ Content တင်တာတွေလည်း လုပ်နိုင်မှာပါ။ တစ်ယောက်ယောက်ကို ညွှန်းတဲ့အနေနဲ့ mention ခေါ်ရာမှာ Hashtags နဲ့ @ သင်္ကေတတွေ သုံးနိုင်ပြီး Twitter ရဲ့ Retweet ဟာ Khoo မှာ re-koo ဆိုပြီး ဖြစ်လာပါတယ်။
အိန္ဒိယက အင်္ဂလိပ်စကားမပြောတဲ့ ဒေသခံတွေကို အဓိကထား ဆွဲဆောင်တဲ့ ဒီ App ဟာ ၂၀၂၁ ခုနှစ်မှာ နိုင်ဂျီးရီးယားဈေးကွက်ထဲ မိတ်ဆက်ထားတယ်လို့ ဆိုပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံဟာလည်း Twitter ကို ယာယီပိတ်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ၂၀၂၂ အကုန်မှာ Koo app ဟာ သုံးစွဲသူသန်း ၁၀၀ အထိ ရှိလာဖို့လည်း မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။