ချင်းနိုင်မှာ နေရာအများအပြား ရေကြီးနေခဲ့ပြီး အသွားအလာနဲ့ လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းသွားခဲ့ပါတယ်

အိန္ဒိယနိုင်ငံရဲ့ ကုန်ထုတ်လုပ်ရေးမြို့တော် ချင်နိုင်းမြို့မှာ ယမန်နေ့ (နိုဝင်ဘာ ၇ ရက်) က နေရာအများအပြား ရေကြီးနေခဲ့ပြီး အသွားအလာနဲ့ လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းသွားခဲ့ပါတယ်။

အိန္ဒိယတောင်ပိုင်း ကမ်းရိုးတန်းဒေသမှာ ညလုံးပေါက် မိုးသည်းထန်ခဲ့ပြီးနောက် ချင်နိုင်းမြို့မှာ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အာဏာပိုင်တွေက မြေနိမ့်ပိုင်းနေရာမှာ နေထိုင်ကြသူတွေကို ရွှေ့ပြောင်းကြရန် သတိပေးချက်ထုတ်ခဲ့ကြောင်း သိရပါတယ်။ ဒေသခံမီဒီယာက ဖော်ပြမှုအရ အိန္ဒိယတောင်ပိုင်း တမီလ်နာဒူပြည်နယ်ရှိ အကြီးဆုံးဖြစ်မြို့တဲ့ ချင်နိုင်းမြို့ နေရာအနှံ့အပြားမှာ ကားတွေ ရေနစ်မြုပ်နေပြီး သစ်ပင်များ လဲပြိုကျနေကာ လူတွေကို ရာဘာလှေများဖြင့် ကယ်ဆယ်နေခဲ့တာ တွေ့ရပါတယ်။



(Photo: M K Stalin / Twitter)

ချင်နိုင်းမြို့တစ်ဝန်းမှာ ကယ်ဆယ်ရေးစခန်းတွေနဲ့ ဆေးကုသရေးစခန်းတွေ ဖွင့်လှစ်ထားပြီး ရေဘေးသင့်သူတွေထံ အစားအစာများ ဖြန့်ဖြူးဝေငှပေးခဲ့ကြောင်း Greater Chennai Corporation က Twitter မှာ ပြောပါတယ်။ တမီလ်နာဒူ၊ အန်ဒရာပရာဒက်ရှ် ပြည်နယ်တွေနဲ့ ပြည်ထောင်စုနယ်မြေ ပူဒူချယ်ရီတို့ရှိ နေရာအနှံ့အပြားမှာ နောက်ထပ်လေးရက်ကြာ မိုးသည်းထန်နေနိုင်ကြောင်းနဲ့ ငါးဖမ်းသမားတွေ ပင်လယ်ပြင်မထွက်ကြရန် အိန္ဒိယမိုးလေဝသဌာနက ပြောထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ဆက်လက်ရှိနေတာကြောင့် မိုးရွာသွန်းမှုတွေ ဆက်ဖြစ်နေမယ်လို့ ဆိုပါတယ်။ ခရိုင် ၁၁ ခုဖြင့် ဖွဲ့စည်းထားတဲ့ ချင်နိုင်းမြို့မှာ မိုးရေချိန် ၇.၈ လက်မ (၂၀ စင်တီမီတာ) ကျော် ရွာသွန်းခဲ့ကြောင်း တမီလ်နာဒူပြည်နယ် ဝန်ကြီးချုပ် M K Stalin က သတင်းထောက်တွေကို ပြောခဲ့ကြောင်း Reuters ရဲ့ မိတ်ဖက်သတင်းဌာန ANI က ဖော်ပြပါတယ်။

(Photo: The Hindu)

ယခု မိုးရွာသွန်းမှုဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ချင်နိုင်းမြို့မှာ အသည်းထန်းဆုံးဖြစ်တယ်လို့ မိုးလေဝသဘလော့ဂါ Pradeep John က ၎င်းရဲ့ Facebook page ဖြစ်တဲ့ Tamil Nadu Weatherman မှာ ရေးသားထားပါတယ်။ အိန္ဒိယမိုးလေဝသဌာနကလည်း အိန္ဒိယတောင်ပိုင်း နေရာဒေသအချို့မှာ ရုတ်တရက် ရေကြီးမှုများဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။ တမီလ်နာဒူပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာဌာန (Tamil Nadu State Disaster Management Authority) ကတော့ မြေနိမ့်ပိုင်နေရာတွေမှာ စစ်ဆေးပြင်ဆင်မှုတွေ လုပ်ဆောင်နေကြောင်း ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က