အိန္ဒိယနိုင်ငံ တီလန်ဂါနာပြည်နယ်ရှိ ရေအားလျှပ်စစ် စက်ရုံတစ်ရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၉ ဦးရှိလာခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။
(Photo: PTI)
မီးလောင်မှုဖြစ်ပွားခဲ့တဲ့ တီလန်ဂါနာရှိ Srisailam ရေအားလျှပ်စစ်စက်ရုံ မြေအောက်ထပ်နေရာမှာ အလုပ်လုပ်နေခဲ့တဲ့ ဝန်ထမ်းတွေကို ရှာဖွေမှုအတွင်း သေဆုံးသူရုပ်အလောင်များ တွေ့ခဲ့ရတယ်လို့ ပြည်နယ်လျှပ်စစ်ထုတ်လုပ်ရေး ကော်ပိုရေးရှင်းက ပြောခဲ့ပါတယ်။ ဒေသခံမီဒီယာတွေမှာ ဖော်ပြမှုအရ ကြာသတေးနေ့ (ဩဂုတ် ၂၀ ရက်) ညပိုင်းမှာ စတင်ခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံ မီးလောင်မှုဟာ ယနေ့ (ဩဂုတ် ၂၁ ရက်) အထိ ဆက်လက် လောင်ကျွမ်းခဲ့ပြီး စက်ရုံဝန်ထမ်းများ ပိတ်မိခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ မီးငြိမ်းသွားပြီဖြစ်ကြောင်း သတင်းတွေက ပြောပါတယ်။
(Photo: BBC)
(Map: BBC)
"သူတိုအားလုံးက ဥမင်လှိုဏ်ခေါင်းကနေထွက်ဖို့ ကြိုးစားခဲ့ကြပါတယ်၊ ဒါပေမဲ့ မီးခိုးတွေက ဥမင်တစ်ခုလုံးပြည့်နေတော့ မအောင်မြင်ခဲ့ကြဘူး" လို့ TSGenco က ဆိုပါတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ရေအားလျှပ်စစ်စက်ရုံ မီးလောင်မှုမှာ သေဆုံးဒဏ်ရာရသူတွေအတွက် ဝမ်းနည်းကြောင်း ၎င်းရဲ့ Twitter မှာ ပြောထားခဲ့ပါတယ်။