အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ်မှာ ရဲတပ်ဖွဲ့ဝင်ရှစ်ဦး သေဆုံးခဲ့တဲ့ အပြန်အလှန်ပစ်ခတ်မှုနဲ့ ဆက်နွယ်နေသူ ဂိုဏ်းစတားတစ်ဦး ဖမ်းဆီးခံရပြီးနောက် သက်ဆိုင်ရာပြည်နယ်သို့ လွှဲပြောင်းပို့ဆောင်စဥ် ရုပ်ရှင်ဆန်ဆန် ဖြစ်ရပ်အတွင်း ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း သိရပါတယ်။
(Photo: MP Police)
ဗီကတ်စ်ဒူဘေး အမည်ရှိ ဂိုဏ်းစတားဟာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်နေခဲ့တာ တစ်ပတ်နီးပါးကြာပြီဖြစ်ကာ ၎င်းကို မက်ဒ်ရာပရာဒက်ရှ်ပြည်နယ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ ဗီကတ်စ်ကို အူတာပရာဒက်ရှ်သို့ ပြန်လည်လွှဲပြောင်းပို့ဆောင်စဥ် လမ်းခရီးမှာ ၎င်းလိုက်ပါလာတဲ့ကား တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။
ဂိုဏ်းစတားဗီကတ်စ်က ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ သေနတ်ကိုလုယူပြီး ထွက်ပြေးရန် ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းအား လက်နက်ချရန်ပြောရာ ငြင်းဆန်ခဲ့ပြီး ရဲအရာရှိတွေကို ပစ်ခတ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက ပြန်လည် ပစ်ခတ်ခဲ့ရာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ပါတယ်။
(Photo: EPA)
ထို့နောက် ဂိုဏ်းစတားဗီကတ်စ်ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် မိနစ်ပိုင်းအတွင်း သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ သို့သော် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ဖြစ်စဥ်အပေါ် အချို့ကတော့ မေးခွန်းထုတ်မှုတွေ ရှိနေခဲ့ပြီး မက်ဒ်ရာပရာဒက်ရှ်ပြည်နယ်မှာ ရဲတပ်ဖွဲ့က အင်အားအလွန်အကျွံသုံးကြောင်း မကြာခဏ စွပ်စွဲခံခဲ့ပါတယ်။
ရဲရှစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်
ပြီးခဲ့တဲ့အပတ် သောကြာနေ့ (ဇူလိုင် ၃ ရက်) က နာမည်ဆိုးဖြင့်ကျော်ကြားတဲ့ ဂိုဏ်းစတားဗီကတ်စ်ကို ရှာဖွေစီးနင်းခဲ့စဥ် အပြန်အလှန် ပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ဝင်ရှစ်ဦး သေဆုံးခဲ့ပါတယ်။ ဗီကတ်စ်တို့အဖွဲ့က ရဲတပ်ဖွဲ့ဝင်တွေကို အပေါ်စီးနေရာကနေ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ထိုဖြစ်ရပ်အပေါ် ဒေသခံ သတင်းဌာနတွေက အနီးကပ်စောင့်ကြည့်ပြီး သတင်းလိုက်နေခဲ့ကြပါတယ်။ ထို့အတူ ဒေသခံ ရဲတပ်ဖွဲ့ကိုလည်း ဂိုဏ်းစတားဗီကတ်စ်ကို ဖမ်းဆီးရန် ဖိအားပေးမှုတွေ တိုးမြင့်နေခဲ့ပါတယ်။
သောကြာနေ့ ရှာဖွေစီးနင်းမှုမှာ အပြန်အလှန် ပစ်ခတ်မှုအတွင်း ဂိုဏ်းစတားဗီကတ်စ်ရဲ့ လက်ထောက်နှစ်ဦး သေဆုံးခဲ့ပေမဲ့ ၎င်းကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ဗီကတ်စ်ရဲ့ ကျေးရွာအနီးရှိ ရဲစခန်းတစ်ခုမှ ရဲအရာရှိတစ်ဦးကိုလည်း ၎င်းကို အကူအညီပေးနေကြောင်း စွပ်စွဲမှုများဖြင့် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဂိုဏ်းစတားဗီကတ်စ်ကို ဖမ်းဆီးရမိ
မီဒီယာတွေက ဖော်ပြမှုအရ ဗီကတ်စ်ကို ယမန်နေ့ (ဇူလိုင် ၉ ရက်) မနက်အစောပိုင်းက မက်ဒ်ရာပရာဒက်ရှ်ပြည်နယ် Ujjain မြို့ရှိ Mahakal ဘုရားကျောင်းမှာ တွေ့မြင်လိုက်ကြောင်း ဒေသခံ ဆိုင်ရှင်တစ်ဦးက ရဲတပ်ဖွဲ့ထံ သတင်းပို့ခဲ့ကြောင်း သိရပါတယ်။ ထို့နောက် ဘုရားကျောင်းကနေ ဂိုဏ်းစတားဗီကတ်စ် ပြန်ထွက်လာစဥ်မှာ ၎င်းကို ဖမ်းဆီးရမိခဲ့ပါတယ်။
(Photo: EPA)
"သူက မှတ်ပုံတင်ကတ် အတုတစ်ခု ထုတ်ပြတယ်၊ ပြီးတော့ အပြန်အလှန် သတ်ပုတ်တိုက်ခိုက်ခဲ့သေးတယ်၊ အစောင့်တွေက သူ့ကိုဖမ်းပြီး ရဲလက်အပ်ခဲ့တယ်" လို့ ရဲအရာရှိတစ်ဦးရဲ့ ပြောကြားမှုကို ကိုးကားပြီး NDTV သတင်းဌာနက ဖော်ပြပါတယ်။
ဂိုဏ်းစတားဗီကတ်စ်အကြောင်း
ဂိုဏ်းစတားဗီကတ်စ်ဟာ အူတာပရာဒက်ရှ်ပြည်နယ်မှာ နာမည်ဆိုးဖြင့် အကျော်ကြားဆုံး ရာဇဝတ်သားတွေအနက်မှ တစ်ဦးဖြစ်ပြီး ၎င်းကို တရားစွဲဆိုထားတဲ့ အမှုပေါင်း ၆၀ ကျော်ရှိပါတယ်။ ထိုအမှုတွေအနက် လူသတ်မှု၊ လူသတ်ရန်ကြံစည်မှု၊ ပြန်ပေးဆွဲမှု၊ မီရှို့မှုနဲ့ ဆူပူအုံကြွမှုတွေ အပါအဝင် ဖြစ်ပါတယ်။
ဗီကတ်စ်ဟာ ၂၀၀၁ ခုနှစ်က ရဲစခန်းတစ်ခုအတွင်း ပြည်နယ်ဝန်ကြီးတစ်ဦးကို သတ်ခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းကို ဖမ်းဆီးခဲ့ပေမဲ့ မကြာခင်မှာ အာမခံဖြင့် ပြန်လွတ်လာခဲ့ကြောင်း သိရပါတယ်။ ဂိုဏ်းစတားဗီကတ်စ်ကို စွဲချက်တင်ခဲ့တဲ့ အမှုအများစုဟာ ထိုပုံစံအတိုင်းပင် ဖြစ်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။ ဗီကတ်စ်ဟာ နိုင်ငံရေးနယ်ပယ်မှာ အဆက်အသွယ်ကောင်းများ ရှိထားတယ်လို့ ယူဆရပါတယ်။
(Photo: NDTV)
ဂိုဏ်းစတားဗီကတ်စ် သွားလာတဲ့နေရာတိုင်းမှာ လက်နက်ကိုင် အမျိုးသားအုပ်စုက ၎င်းနဲ့အတူ လိုက်ပါလာလေ့ရှိပါတယ်။ ဗီကတ်စ်ကို တရားစွဲဆိုတဲ့ အမှုတွေကို ကြားနာစစ်ဆေးရာမှာ မျက်မြင်သက်သေတွက ၎င်းတို့ရဲ့ ထွက်ဆိုချက်တွေကို မကြာခဏ ပြောင်းလဲထွက်ဆိုခြင်း သို့မဟုတ် တရားရုံမှာ သက်သေအဖြစ် ထွက်ဆိုရန်ငြင်းဆန်ခြင်းတို့ ကြုံရလေ့ရှိပါတယ်။
ဗီကတ်စ်ဟာ ၂၀၀၀ ပြည့်နှစ် အစောပိုင်း ဆယ်ကျော်သက်အရွယ်ကလည်း ၎င်းရဲ့ရွာမှာ လူအချို့ကို ရိုက်နှက်ခဲ့မှုကြောင့် စစ်ဆေးမေးမြန်း ခံခဲ့ရဖူးတယ်လို့ ဆိုပါတယ်။ သို့သော် ဒေသဆိုင်ရာ နိုင်ငံရေးသမားတစ်ဦးက ၎င်းအတွက် အာမခံပေးခဲ့ပြီး ထိုဖြစ်ရပ်ကိုလည်း အမှုမဖွင့်ခဲ့ဘူးလို့ သိရပါတယ်။
(Photo: NDTV)
ထိုအချိန်မှစပြီး ဗီကတ်စ်ဟာ အူတာပရာဒက်ရှ်ပြည်နယ်ရဲ့ ဒုစရိုက်လောကမှာ နာမည်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းနဲ့ပတ်သက်တဲ့ အမှုများ တိုးလာတာနဲ့အမျှ ဗီကတ်စ်ရဲ့ ဂိုဏ်စတားအဆင့်အတန်းကလည်း မြင့်တက်လာခဲ့ပါတယ်။ ဂိုဏ်စတားဗီကတ်စ်ကို အမှုပေါင်းများစွာဖြင့် တရားစွဲဆိုခဲ့ပေမဲ့လည်း ပြစ်ဒဏ်ချမှတ်နိုင်တဲ့အထိ အောင်မြင်ခဲ့ခြင်း မရှိပါဘူး။ ဗီကတ်စ်ဟာ နိုင်ငံရေးပင် ဝင်လုပ်ခဲ့သေးပြီး ၎င်းနဲ့ ၎င်းရဲ့ဇနီတို့ဟာ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ အနိုင်ရခဲ့တယ်လို့ ဆိုပါတယ်။
ဂိုဏ်းစတားဗီကတ်စ်ဟာ ပြည်နယ်လွှတ်တော်အမတ်ဖြစ်ရန် ရည်မှန်းထားတယ်လို့လည်း အူတာပရာဒက်ရှ်ပြည်နယ်ရှိ နိုင်ငံရေးဆိုင်ရာ အကြီးတန်း သတင်းထောက်တစ်ဦးက ပြောပါတယ်။ ဗီကတ်စ်ဟာ ရုပ်ရှင်ဆန်ဆန် ဖြစ်ရပ်နဲ့အတူ သေဆုံးသွားချိန်အထိ နိုင်ငံရေးနယ်ပယ်ကို တရားဝင် ဝင်ရောက်ရန် ကြိုးပမ်းနေခဲ့ကြောင်း သိရပါတယ်။
Source: BBC, The Hindu, NDTV, Hindustan Times