Uber ဟာ ကုမ္ပဏီရဲ့ အိန္ဒိယမှာ ရှိတဲ့ Uber Eats ဝန်ဆောင်မှုကို ဒေသတွင်းပြိုင်ဘက် စားသောက်ကုန်ပို့ဆောင်ရေးလုပ်ငန်း Zomato ကို ရောင်းချလိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
အမေရိကန် အငှားယာဉ်ဝန်ဆောင်ရေးလုပ်ငန်းကြီး ဖြစ်တဲ့ Uber ဟာ လာမယ့်နှစ်မှာ အမြတ်အစွန်းရရှိစေဖို့ ဝင်ငွေအရနည်းပါးတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းလာတာပါ။ အရောင်းအဝယ်သဘောတူညီမှုမှာ Uber Eats ရဲ့ အိန္ဒိယစီးပွားရေးကို ဒေါ်လာသန်း ၃၀၀ ကနေ သန်း ၃၅၀ အကြား တန်ဖိုးသတ်မှတ်ခဲ့တာ ဖြစ်တယ်လို့ Tech Crunch က ဆိုပါတယ်။
Photo: dealstreetasia
Uber ဟာ Zomato ရဲ့ ရှယ်ယာ ၉.၉၉% ပိုင်ဆိုင်မှာ ဖြစ်ပြီး Uber Eats သုံးစွဲသူတွေဟာ Zomato ရဲ့ ဖောက်သည်တွေ ဖြစ်လာတော့မှာပါ။ Uber Eats အတွက် အစားအသောက် ပို့ပေးနေတဲ့ ဝန်ထမ်းတွေနဲ့ ဖောက်သည်တွေရဲ့ အချက်အလက်တွေကို Zomato ကို လွှဲပြောင်းပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် Uber app မှာ Get Food Delivery ဆိုပြီး လာမှာတဲ့ အိန္ဒိယက သုံးစွဲသူတွေကို Zomata app ဆီ ၆ လကြာ ပို့ပေးသွားမယ်လို့လည်း သိရပါတယ်။ ၂၀၁၇ ခုနှစ်က အိန္ဒိယမှာ စတင်ခဲ့တဲ့ Uber Eats ဟာ ဖောက်သည်အရေအတွက် တိုးအောင် ကြိုးစားခဲ့ပေမယ့် ဒေသတွင်း စားသောက်ကုန် ပို့ဆောင်ရေးလုပ်ငန်းတွေဖြစ်တဲ့ Zomato နဲ့ Swiggy တို့နဲ့ ယှဉ်ပြိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
" အိန္ဒိယဟာ Uber အတွက် အရေးပါတဲ့ ဈေးကွက်တစ်ခုအဖြစ် ရှိနေဦးမှာပါ။ ကျွန်တော်တို့အနေနဲ့ ဒေသတွင်း ယာဉ်အငှားစီးပွားရေးကို တိုးတက်အောင် ဆက်လက်ရင်းနှီးမြှပ်နှံသွားမှာပါ။" လို့ Uber ရဲ့ CEO ဖြစ်သူ ဒါရာခေါ့စရော့စဟီးက ဆိုပါတယ်။
Photo: NYTimes
Uber ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ထဲမှာ ကုမ္ပဏီရဲ့ အရှေ့တောင်အာရှ စီးပွားရေးလုပ်ငန်းများကို ပြိုင်ဘက် ride-hailing ကုမ္ပဏီဖြစ်တဲ့ Grab ကို ရောင်းချခဲ့ပါတယ်။ အရောင်းအဝယ်သဘောတူညီချက်အရ Uber ဟာ Grab ရဲ့ ရှယ်ယာ ၂၇.၅% ရမှာ ဖြစ်ပြီး Grab ကတော့ Uber ရဲ့ ယာဉ်အငှားဝန်ဆောင်မှုနဲ့အစားအသောက်ပို့တဲ့ လုပ်ငန်းတွေကိုပါ ထိန်းချုပ်သွားတော့မှာပါ။
Zomato ဟာ အိန္ဒိယမှာ ရှိတဲ့ မြို့ပေါင်း ၅၀၀ ကျော်မှာ အွန်လိုင်းကနေ အစားအသောက် မှာယူပို့ဆောင်ရေး ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။ဒီလထဲမှာ Ant Financial ဆီက ဒေါ်လာ သန်း ၁၅၀ ရင်းနှီးမြှပ်နှံမှုကြောင့် Zomato ရဲ့ လုပ်ငန်းတန်ဖိုးဟာ ဒေါ်လာ ၃.၅၅ ဘီလျံ အထိ ရှိလာပါတယ်။