အိန္ဒိယအစိုးရက COVID-19 ကာကွယ်ဆေးများ ပြည်ပနိုင်ငံများသို့ပေးပို့မှု ပိတ်ပင်ထားခြင်းကို အဆုံးသတ်လိုက်ပြီးနောက် လာမယ့် အောက်တိုဘာလကုန်မှာ ကာကွယ်ဆေး ၈ သန်း တင်ပို့သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်အရာရှိတစ်ဦးက ယနေ့ (စက်တင်ဘာ ၂၅ ရက်) ပြောပါတယ်။
(Quad မဟာမိတ်အုပ်စု အစည်းအဝေး) (Photo: AFP)
ဝန်ကြီးချုပ်မိုဒီက ကာကွယ်ဆေးများ ပြည်ပတင်ပို့မှု ပြန်လည်စတင်မယ်လို့ အိန္ဒိယ၊ ဂျပန်၊ ဩစတြေးလျနဲ့ အမေရိကန်တို့ ပါဝင်ကြတဲ့ Quad မဟာမိတ်အုပ်စုမှ ခေါင်းဆောင်တွေကို ကတိပြုထားခဲ့ပါတယ်။ Quad မဟာမိတ်အုပ်စုဟာ အာရှ-ပစိဖိတ်ဒေသမှာ တရုတ်လွှမ်းမိုးမှု မြင့်တက်လာခြင်းကို တုံ့ပြန်ရန်အတွက် ရည်ရွယ်ထားပါတယ်။
အောက်တိုဘာလကုန်မှာ အဆင်သင့်ဖြစ်ပါမယ်၊ Quad ကနေ အင်ဒို-ပစိဖိတ်ဒေသတွင်း ချက်ချင်း ပို့ဆောင်သွားမှာပါ
အိန္ဒိယက ပြည်ပတင်ပို့ရန် စီစဥ်ထားတဲ့ COVID-19 ကာကွယ်ဆေး ၈ သန်းအနက် အများစုဟာ တစ်ကြိမ်တည်းထိုးရတဲ့ Johnson & Johnson ကာကွယ်ဆေးများဖြစ်ပြီး အာရှ-ပစိဖိတ်နိုင်ငံများသို့ တင်ပို့သွားမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Harsh Vardhan Shringla က သတင်းထောက်တွေကို ယနေ့ ပြောပါတယ်။
(အိန္ဒိယထုတ် ကိုဗစ်ကာကွယ်ဆေးဘူးများ) (Photo: AFP)
"အောက်တိုဘာလကုန်မှာ အဆင်သင့်ဖြစ်ပါမယ်၊ Quad ကနေ အင်ဒို-ပစိဖိတ်ဒေသတွင်းကို ချက်ချင်း ပို့ဆောင်သွားမှာပါ" လို့ ၎င်းက ဆိုပါတယ်။ အိန္ဒိယဟာ ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထားပြီး COVID-19 ကာကွယ်ဆေး တစ်ဘီလီယံကို ပြည်ပတင်ပို့သွားမယ်လို့ ယခုနှစ်အစောပိုင်းမှာ ကတိပြုထားခဲ့ပါတယ်။
သို့သော် နိုင်ငံအတွင်း COVID-19 ကူးစက်မှုတွေ ဆိုးရွားမြင့်တက်လာခဲ့ပြီးနောက် မေလအတွင်း ကာကွယ်ဆေးများ ပြည်ပတင်ပို့မှုကို ဝန်ကြီးချုပ်မိုဒီ အစိုးရက ရပ်ဆိုင်းထားစေခဲ့ပါတယ်။ အိန္ဒိယမှာ ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း တဖြည်းဖြည်း လျော့ကျလာခဲ့ပြီးနောက် အစိုးရက ယခုသီတင်းပတ်အတွင်း ကာကွယ်ဆေး ပြည်ပတင်ပို့မှု ရပ်ဆိုင်းထားခြင်းကို ပယ်ဖျက်လိုက်ပါတယ်။
(မွမ်ဘိုင်းမြို့မှ ကိုဗစ်စစ်ရန် တို့ဖတ်ယူသည့်နေရာတစ်ခု) (Photo: Reuters)
ပြီးခဲ့တဲ့ မတ်လနဲ့ မေလအတွင်း အိန္ဒိယမှာ COVID-19 ကူးစက်မှုနှုန်း တစ်ဟုန်ထိုး မြင့်တက်ခဲ့ရာ ကာကွယ်ဆေးပြတ်လပ်မှု ကြုံခဲ့ရပါတယ်။ ထိုကာလအတွင်း အိန္ဒိယမှာ COVID-19 ကူးစက်ခံရသူ သန်းပေါင်းများစွာရှိခဲ့ပြီး ၎င်းတို့အနက် ၂၅၀,၀၀၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။
ယခုအခါ အိန္ဒိယအစိုးရက ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူ သန်း ၈၄၀ ကို ကာကွယ်ဆေးထိုးပေးပြီး ဖြစ်ပါတယ်။ အရွယ်ရောက်ပြီး အိန္ဒိယလူဦးရေရဲ့ ထက်ဝက်နီးပါးဟာ အနည်းဆုံး ကာကွယ်ဆေး တစ်ကြိမ်ထိုးပြီးဖြစ်ကြောင်းနဲ့ ၁၆ ရာခိုင်နှုန်းက ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးဖြစ်ကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။