ပြီးခဲ့တဲ့သီတင်းပတ်အကုန်မှာ အီလွန်မတ်စ်ရဲ့ Twitter ကုမ္ပဏီကနေ အိန္ဒိယရှိ ဝန်ထမ်း ၉၀% ကို အလုပ်က ထုတ်ပယ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ Twitter ဝန်ထမ်း ၂၀၀ လောက် ရှိပြီး ဝန်ထမ်းအင်အား ၉၀% ကျော် အလုပ်ထုတ်ခံရတာ ဖြစ်လို့ အခုဆို ၁၂ ဦးပဲ ကျန်တော့တယ်လို့ Bloomberg သတင်းက ဖော်ပြပါတယ်။ အလုပ်ထုတ်ခံရတဲ့ အိန္ဒိယနိုင်ငံက ဝန်ထမ်းတွေရဲ့ ၇၀% ဝန်းကျင် (လူပေါင်း ၁၄၀ ခန့်) ဟာ ထုတ်ကုန်နဲ့ အင်ဂျင်နီယာဌာနဘက်က ဝန်ထမ်းတွေ ဖြစ်တယ်လို့ Bloomberg သတင်းအရင်းအမြစ်တွေထဲက တစ်ဦးက ပြောပါတယ်။
Photo: Times Of India
အလုပ်ထုတ်ခံရသူတွေထဲမှာ မားကတ်တင်း ၊ ကော်ပိုရိတ်ဆက်သွယ်ရေး နဲ့ အိန္ဒိယနိုင်ငံထဲက အများပြည်သူမူဝါဒရေးရာဘက်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ Twitter ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့မှာ အီလွန်မတ်စ် ဝယ်သွားပြီးနောက် ကမ္ဘာတလွှားက ထောင်နဲ့ချီတဲ့ Twitter ဝန်ထမ်းတွေ အလုပ်နားခံလိုက်ရပါတယ်။ ကုမ္ပဏီကို ဝယ်လိုက်တဲ့ ပထမဆုံးနေ့မှာပဲ အီလွန်မတ်စ်ဟာ Twitter CEO အပါအဝင် ကုမ္ပဏီထိပ်တန်းအမှုဆောင်အရာရှိတချို့ကို အလုပ်က ထုတ်ပယ်လိုက်တာပါ။
ဝန်ထမ်းအင်အား စုစုပေါင်း ၇၅၀၀ ခန့် ရှိတဲ့ Twitter ရဲ့ ထက်ဝက်ကျော် ဖြစ်တဲ့ ၃၇၀၀ ခန့်ဟာ အလုပ်က အနားပေးခံလိုက်ရတာ ဖြစ်ပြီး အလုပ်ထုတ်ခံရသူတွေကို နစ်နာကြေးပေးခဲ့တယ်လို့ ဆိုပါတယ်။ အီလွန်မတ်စ်လက်ထဲ Twitter ရောက်ပြီး တစ်ပတ်နီးပါးအကြာမှာ အလုပ်အနားပေးခံရကြောင်း မသိသေးတဲ့ ဝန်ထမ်းတွေဟာ အလုပ်လက်ပ်တော့တွေ ၊ အီးမေးလ် နဲ့ Slack အကောင့်တွေထဲ ဝင်မရဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အလုပ်ရပ်နားခံရတဲ့ Twitter ဝန်ထမ်းတွေထဲမှာ ကိုယ်ဝန် ၈ လ ရှိပြီ ဖြစ်တဲ့ ဝန်ထမ်းတစ်ဦးလည်း ပါဝင်နေပါတယ်။
"အလုပ်ထုတ်ခံရတဲ့ လူတိုင်းကို နစ်နာကြေး ၃ လ ပေးထားပါတယ်။ ဒါက ဥပဒေအရ သတ်မှတ်ထားတာထက် ၅၀% ကျော်တဲ့ ပမာဏပါပဲ" လို့ မတ်စ်က သောကြာနေ့မှာ Tweet တင်ပါတယ်။
Photo: Business Today
ဒါပေမယ့်လည်း Twitter ဟာ အလုပ်ထုတ်ခဲ့တဲ့ ဝန်ထမ်းတွေထဲက တချို့ကို ပြန်လာဖို့ ခေါ်ခဲ့တယ်လို့လည်း Business Insider သတင်းက ဖော်ပြပါတယ်။ Twitter ကို စတင် တည်ထောင်ခဲ့သူတစ်ဦးလည်း ဖြစ် ၊ ကုမ္ပဏီမှာ ကာလရှည် CEO ရာထူးနဲ့ ဦးဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်တဲ့ ဂျက်ခ်ဒေါ်ဆီက အလုပ်ထုတ်ခံရမှုအတွက် တောင်းပန်ကြောင်းနဲ့ "ကုမ္ပဏီအရွယ်အစားကို သိပ်မြန်မြန်ဆန်ဆန်ကြီး ဖွံ့ဖြိုးအောင် လုပ်မိခဲ့တယ်" လို့လည်း ပြောဆိုခဲ့ပါတယ်။