အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ယနေ့ (ဒီဇင်ဘာ ၈ ရက်) ဖြစ်ပွားခဲ့တဲ့ စစ်ဘက်ရဟတ်ယာဥ် ပျက်ကျမှုအတွင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီပင်ရာဝပ် အပါအဝင် လူ ၁၃ ဦး သေဆုံးခဲ့ကြောင်းနဲ့ တစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း လေတပ်က ပြောပါတယ်။
အသက် ၆၃ နှစ်အရွယ် ဗိုလ်ချုပ်ကြီးရာဝပ်ဟာ ၂၀၁၉ ခုနှစ်မှာ အိန္ဒိယအစိုးရက စတင်သတ်မှတ်ခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူးမှာ ပထမဆုံး တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။ ၎င်းဟာ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ နီးစပ်သူတစ်ဦးလို့ ဆိုပါတယ်။
(ရဟတ်ယာဥ်ပျက်ကျရာနေရာမှ မြင်ကွင်းတစ်ခု) (Photo: ANI)
ဗိုလ်ချုပ်ကြီးရာဝပ်ဟာ ၎င်းရဲ့ဇနီးနဲ့ အခြား လူ ၁၂ ဦးတို့ လိုက်ပါပြီး ရုရှားနိုင်ငံထုတ် Mi-17 ရဟတ်ယာဥ်ဖြင့် ခရီးစဥ်သွားရောက်နေစဥ် တမီလ်နာဒူပြည်နယ် Coonoor နယ်မြေမှာ ရဟတ်ယာဥ်ပျက်ကျခဲ့ကြောင်း အိန္ဒိယလေတပ်က ကနဦး သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ရဟတ်ယာဥ်ပျက်ကျတဲ့နေရာမှ မှတ်တမ်းအရ မီးစွဲလောင်နေတဲ့ အပျက်အစီးတွေကို လူအုပ်စုက မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေပြီး စစ်သားတွေက ခရီးသည်တွေအနက်မှ တစ်ဦးကို လူနာထမ်းစင်ဖြင့် ခေါ်ဆောင်သွားတာ တွေ့ရပါတယ်။ ရဟတ်ယာဥ်ပျက်ကျတဲ့နေရာကနေ အလောင်း ၇ လောင်းကို တွေ့ရှိထားကြောင်း တမီလ်နာဒူပြည်နယ် သစ်တောရေးရာဝန်ကြီး K Ramachandran က အစောပိုင်းမှာ ပြောကြားခဲ့ကြောင်း Times of India သတင်းဌာနက ဖော်ပြပါတယ်။
(ဗိုလ်ချုပ်ကြီးရာဝပ်နှင့် ဝန်ကြီးချုပ်မိုဒီ) (Photo: Indian Express)
"ဒဏ်ရာရသူအချို့ကို ဆေးရုံသို့လိုက်တယ်" လို့ Coonoor နယ်မြေ မီးသတ်ဌာန တာဝန်ရှိသူက AFP ကို ပြောပါတယ်။ နောက်ပိုင်းမှာတော့ ရဟတ်ယာဥ်ပျက်ကျမှုအတွင်း ဗိုလ်ချုပ်ကြီးရာဝပ် အပါအဝင် လိုက်ပါသွားသူ ၁၃ ဦး သေဆုံးခဲ့ပြီး တစ်ဦးသာ အသက်ရှင်ကျန်ရစ်ကြောင်း တာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။
အိန္ဒိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရာဝပ် လိုက်ပါလာတဲ့ ရဟတ်ယာဥ်ဟာ Coimbatore မြို့ရှိ Sulur လေတပ်အခြေစိုက်စခန်းကနေ Defence Services Staff College သို့ ဦးတည်ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယလေတပ်က ရဟတ်ယာဥ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးနေကြောင်း ထုတ်ပြန်ထားပါတယ်။
ဗိုလ်ချုပ်ကြီးရာဝပ်ဆိုတာ?
ဗိုလ်ချုပ်ကြီးရာဝပ်ဟာ စစ်တပ်မိသားစုကနေ ဆင်းသက်လာသူဖြစ်ပြီး ၎င်းတို့ရဲ့ မျိုးဆက်တွေဟာ အိန္ဒိယလက်နက်ကိုင်တပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်နေကြပါတယ်။ ဗိုလ်ချုပ်ကြီးဟာ ၁၉၇၈ ခုနှစ်မှာ ဒုဗိုလ်အဆင့်ဖြင့် အိန္ဒိယစစ်တပ်သို့ ဝင်ရောက်ခဲ့ပြီး စစ်မှုထမ်းသက် ဆယ်စုနှစ်လေးခုရှိပြီလို့ ဆိုပါတယ်။
(ဗိုလ်ချုပ်ကြီးရာဝပ်) (Photo: Reuters)
၎င်းဟာ အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားဒေသနဲ့ တရုတ်နယ်စပ် Line of Actual Control တစ်လျှောက်ရှိ တပ်ဖွဲ့တွေကို ကြီးကြပ်ကွပ်ကဲနေပါတယ်။ ဗိုလ်ချုပ်ကြီးရာဝပ်ဟာ အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်း နယ်စပ်ဒေသမှာ လက်နက်ကိုင်သောင်းကျန်းမှု လျော့ကျစေခြင်းနဲ့ အိမ်နီးချင်း မြန်မာနိုင်ငံအတွင်း နယ်စပ်ဖြတ်ကျော်ကာ သောင်းကျန်သူနှိမ်နင်းရေး စစ်ဆင်ရေးကို ကြီးကြပ်ကွပ်ကဲခြင်းတို့အတွက် ဂုဏ်ပြုခံရသူလည်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးရာဝပ်က ၂၀၁၇ မှ ၂၀၁၉ ခုနှစ်အထိ အင်အား ၁.၃ သန်းရှိ အိန္ဒိယစစ်တပ်ရဲ့ ဦးစီးချုပ်ဖြစ်ခဲ့ပြီးနောက် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရန် ရည်ရွယ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို အပ်နှင်းခံခဲ့ရပြီး ၎င်းဟာ မိုဒီအစိုးရနဲ့ နီးစပ်သူဖြစ်တယ်လို့ သိမှတ်ထားကြပါတယ်။
မတော်တဆမှုတွေ ဖြစ်ပွာခဲ့ဖူးတဲ့ Mi-17
ယနေ့ ပျက်ကျခဲ့တဲ့ Mi-17 ရဟတ်ယာဥ်အမျိုးအစားတွေဟာ ၁၉၇၀ ခုနှစ်မှာ စတင်အသုံးပြုခဲ့ကြတာဖြစ်ပြီး ကမ္ဘာတစ်ဝန်း ကာကွယ်ရေးဌာနတွေက တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။ ထိုရဟတ်ယာဥ်တွေဟာ နှစ်ကာလများတစ်လျှောက် မတော်တဆမှုတွေ ဖြစ်ပွားခဲ့ဖူးတယ်လို့ ဆိုပါတယ်။
(Mi-17 ရဟတ်ယာဥ်) (Photo: Jet Photos)
ပြီးခဲ့တဲ့လအတွင်းကလည်း အဇာဘိုင်ဂျန်စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဥ်တစ်စီး လေ့ကျင့်ပျံသန်းစဥ် ပျက်ကျခဲ့ရာ လူ ၁၄ ဦး သေဆုံးခဲ့ပါတယ်။ ထို့အတူ ၂၀၁၉ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းအလယ်ပိုင်းမှာ Mi-17 ရဟတ်ယာဥ်တစ်စီး လေ့ကျင့်ပျံသန်းစဥ် ပျက်ကျခဲ့ပြီး စစ်သား ၄ ဦး သေဆုံးပြီး အခြား ၅ ဦး ဒဏ်ရာခဲ့ပါတယ်။