အာရှမှာ အင်တာနက်အစောဆုံးရတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်လာခဲ့တာပါ

'အိန္ဒိယအင်တာနက်ဖခင်ကြီး' အဖြစ် တင်စားခံရတဲ့ နာမည်ကျော်အိန္ဒိယတယ်လီကွန်းဆက်သွယ်ရေးအမှုဆောင်အရာရှိကြီး ဘရီဂျန်ဒရာ ကူးမား ဆင်းဂဲလ်ဟာ အသက် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ 

နာတာရှည် နာဖျားမှုတစ်ခုကြောင့် အသက် ၈၂ နှစ်အရွယ် ဇူလိုင်လ ၉ ရက် စနေနေ့မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့ The Hindu Business Line သတင်းက ဖော်ပြပါတယ်။ ဘီကေ ဆင်းဂဲလ်ဟာ တစ်ခါက အိန္ဒိယအစိုးရပိုင် တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်း Vldesh Sanchar Nigam Limited (VSNL) ရဲ့ ဘုတ်အဖွဲ့ဥက္ကဌဟောင်း နဲ့ မန်နေဂျင်းဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ VSNL ဟာ အခု‌တော့ Tata Group ပိုင် လုပ်ငန်းဖြစ်သွားပြီး Tata Communications Limited အဖြစ် နာမည်ပြောင်းထားပါတယ်။ 





ဆင်းဂဲလ်ဟာ အိန္ဒိယထိပ်တန်းတယ်လီကွန်းဝန်ဆောင်မှုတွေဖြစ်တဲ့ Reliance Telecom ရဲ့ ဘုတ်အဖွဲ့ဥက္ကဌ နဲ့ BPL Communications ရဲ့ ဒုဥက္ကဌတွေအဖြစ်လည်း ထိပ်တန်းတာဝန်တွေ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ VSNL ရဲ့ ဘုတ်အဖွဲ့ဥက္ကဌအဖြစ် တာဝန်ယူစဉ်က သူဟာ ဗြူရိုကရက်ဆန်တဲ့ အဟန့်အတားတွေကို တွန်းလှန်နိုင်ခဲ့လို့ "ဘူဒိုဇာကြီး" အဖြစ်လည်း ကွယ်ရာမှာ နာမည်ပေးခံခဲ့ရသူလို့ ဆိုပါတယ်။ သူ့အုပ်ချုပ်မျုအောက်မှာ ၁၉၉၁ ခုနှစ်က ဒေါ်လာ ၁၂၅ သန်းတန် VSNL ကုမ္ပဏီဟာ ၁၉၉၈ ခုနှစ်မှာ ဒေါ်လာ ၁.၆၅ ဘီလျံတန် ဆက်သွယ်ရေးလုပ်ငန်းစုကြီးအဖြစ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ 

ဒုတိယကမ္ဘာစစ်အပြီး အမ်ဘာလာမှာ လူဖြစ်လာခဲ့တဲ့ သူဟာ ၁၉၄၅ ခုနှစ်မှာ လာဟိုးမြို့ DAV Model School မှာ ကျောင်းတက်ခဲ့ပါတယ်။ ၁၉၄၇ မှာ အိန္ဒိယ-ပါကစ္စတန် နှစ်ပိုင်းကွဲပြီးနောက် သူ့မိသားစုဟာ ဒေလီမြို့ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ ကျောင်းသားဘဝမှာ တံဆိပ်ခေါင်းစုတာနဲ့ ခရစ်ကတ်ကစားတာကို မွေ့လျော်ခဲ့တဲ့သူဟာ ၁၉၅၇ ခုနှစ်မှာ နိုင်ငံရဲ့ ထိပ်တန်းအင်ဂျင်နီယာကျောင်းဖြစ်တဲ့ ကာရက်ဂ်ပူ အိန္ဒိယနည်းပညာအင်စတီကျူ့ဒ် IIT မှာ ကျောင်းတက်ချိန်ကစလို့ လျှပ်စစ်အင်ဂျင်နီယာပိုင်းကို လိုက်စားလာခဲ့တာ ဖြစ်ပါတယ်။ 

လန်ဒန်နဲ့ ဘူဒါပတ်စ်တွေမှာ ရှိတဲ့ နိုင်ငံစုံကုမ္ပဏီကြီးတွေမှာ အလုပ်ခဏဝင်ပြီးနောက် သူဟာ လန်ဒန်မှာ ရှိတဲ့ Inmarsat ကုမ္ပဏီက အလုပ်ကနေ ထွက်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ မွမ်ဘိုင်း VSNL ရုံးကို ပြောင်းလာခဲ့ပါတယ်။ အဲ့ဒီအချိန်က VSNL ဟာ ပုံစံဟောင်းကြီးနဲ့ လည်ပတ်နေတဲ့ ခေတ်မမှီတဲ့ အများပိုင်ကုမ္ပဏီတစ်ခု ဖြစ်နေတာပါ။ VSNL ကို ဦးဆောင်ရတာဟာ ဆင်းဂဲလ်အဖို့ စိန်ခေါ်မှုအများဆုံးနဲ့ စိတ်အကျေနပ်ဆုံးအလုပ်လို့ ဆိုပါတယ်။ VSNL ကို ရောက်ပြီးနောက် ဆင်းဂဲလ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုနဲ့ စိတ်ကျေနပ်စရာအကောင်းဆုံး အောင်မြင်မှုတစ်ခုက ၁၉၉၅ ခုနှစ်မှာ အိန္ဒိယနိုင်ငံအတွင်း အင်တာနက်စနစ် ယူဆောင်လာနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ 

အဲ့ဒီမတိုင်ခင်က အိန္ဒိယဟာ ERNET လို့ ခေါ်တဲ့ ကနဦးအင်တာနက်ဗားရှင်းတစ်မျိုးပဲ ရှိခဲ့ပြီး ဒီအင်တာနက်ပုံစံကလည်း လူအများသုံးနိုင်တဲ့ ဝန်ဆောင်မှုမျိုးမဟုတ်ဘဲ ပညာရေးအဖွဲ့အစည်းတချို့အတွက်ပဲ ကန့်သတ်ထားတာပါ။ ဆင်းဂဲလ်ဟာ အိန္ဒိယပြည်သူတွေ အင်တာနက်အသုံးပြုနိုင်ရေးအတွက် အစိုးရကို အဖက်ဖက်က တွန်းအားပေးနိုင်ခဲ့ပါတယ်။ အိန္ဒိယအင်တာနက်ရရေးအတွက် သူစွမ်းဆောင်နေချိန်မှာ ဗြူရိုကရက်ဆန်တဲ့ အစိုးရအာဏာပိုင်တွေနဲ့ ပွတ်တိုက်မှုတွေ ဖြစ်ခဲ့သလို ရှေးရိုးစွဲတွေရဲ့ တိုက်ခိုက်ဝေဖန်မှုတွေပါ ရင်ဆိုင်ခဲ့ရတာပါ။ 

အဲ့ဒီအချိန်က အင်တာနက်ရလာရင် အွန်လိုင်းမှာ အပြာဝက်ဆိုက်တွေ ဇာတ်ကားတွေ အလွယ်တကူကြည့်ကြလိမ့်မယ်ဆိုပြီး ဝေဖန်သံတွေပါ ထွက်ခဲ့ပါတယ်။ ဒီလို ဝေဖန်သံတွေကို ဆင်းဂဲလ်က အခုလို တုံ့ပြန်ပါတယ်။ "ဒီမှာခင်ဗျ ကျွန်တော့်အလုပ်က ကွန်ရက်ဆက်သွယ်မှုပေးဖို့ပါ။ ဆက်သွယ်ရေးကို တစ်ဦးတစ်ယောက်က သူ့သဘောနဲ့သူ သုံးတဲ့အပေါ် ကျွန်တော့်မှာ တာဝန်မရှိပါဘူး။ တကယ်လို့ အင်တာနက်သုံးသူတွေရဲ့ ၂% ၃% က အပြာဇာတ်ကားကြည့်ဖို့ သုံးတယ်ဆိုရင်လည်း ကျွန်တော် စိတ်မဝင်စားပါဘူး။ ကျွန်တော်စိတ်ဝင်စားတာ ကမ္ဘာ့ရေးရာ ဗဟုသုတတွေ ရှာဖွေချင်စိတ်ရှိတဲ့ လူဦးရေရဲ့ ၉၇% အတွက် ဝန်ဆောင်မှုပေးဖို့ပါ" တဲ့။



ဒီခံယူချက်နဲ့ပဲ VSNL ရဲ့ အကြီးအကဲဖြစ်တဲ့ သူဟာ ဒေလီ ၊ ဘုံဘေ ၊ ကာလကတ္တား ၊ချန်နိုင်း (မန်ဒရပ်စ်) နဲ့ ပူနေး မြို့ကြီး ၅ မြို့မှာ အင်တာနက် စတင် ဖြန့်ချိခဲ့ပါတယ်။ ၁၉၉၅ ဩဂုတ်လ ၁၅ ရက်နေ့မှာ အိန္ဒိယပြည်သူပြည်သားတွေ အင်တာနက်ဝန်ဆောင်မှု စပြီး အသုံးပြုနိုင်လာတာပါ။အဲ့ဒီအချိန်က သတင်းစာတွေဟာ အိန္ဒိယမှာ အင်တာနက်ရတဲ့နေ့ဟာ နိုင်ငံရဲ့ ဒုတိယမြောက် လွတ်လပ်ရေးနေ့လို့တောင် တင်စားခဲ့ကြပါတယ်။ အိန္ဒိယလည်း အာရှတိုက်မှာ လုပ်ငန်းသုံးအင်တာနက်ဝန်ဆောင်မှု ဖြန့်ချိနိုင်ခဲ့တဲ့ ပထမဆုံနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်လာခဲ့တာပါ။ 

ကွန်ရက်စနစ်တည်ငြိမ်ကောင်းမွ်နဖို့ ဆင်းဂဲလ်နဲ့ အဖွဲ့ဟာ ဆာဗာတွေ အများကြီး ဖန်တီးခဲ့သလို ဖုန်းလိုင်းတွေလည်း အဆင့်မြှင့်တင်တာ ၊ အရည်အသွေးမှီထုတ်ကုန်တွေရဖို့ modem ထုတ်လုပ်သူတွေကို ကြီးကြပ်တာ ၊ ကြေးနီကော့ပါးကေဘယ်ကနေ ဖိုက်ဘာကေဘယ်တွေပြောင်းတာမျိုး ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ အင်တာနက်တော်လှန်ရေးအသွင်ကူးပြောင်းမှုမှာ အခွန်အတုပ်တွေ ထက်ဝက်မက လျှော့ချနိုင်အောင်လည်း ကြိုးစားခဲ့တာပါ။ အိန္ဒိယမှာ အင်တာနက်စနစ်သစ် တည်ဆောက်နိုင်ဖို့နဲ့ စနစ်တည်တည်ငြိမ်ငြိမ် လည်ပတ်နိုင်ဖို့ ၈ ပတ်ကြာ အချိန်ယူခဲ့တယ်လို့လည်း ဆင်းဂဲလ်က ပြန်ပြောပါတယ်။ 

အင်တာနက်ကွန်ရက်ဖြန့်ကြက်နိုင်ခြင်းဟာ အိန္ဒိယကို အကြီးအကျယ် ပြောင်းလဲတိုးတက်စေခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာတလွှားက ဆော့ဖ်ဝဲလ်ကုမ္ပဏီတွေက အိန္ဒိယရဲ့ လူတော်လူကျော် ဆော့ဖ်ဝဲလ်ပညာရှင်တွေနဲ့ အလုပ်တွဲလုပ်လာကြသလို အင်တာနက်က ပေးတဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဉာဏဖွံ့ဖြိုးမှုလည်း ထိုးတက်လာခဲ့ပါတယ်။ အိန္ဒိယအင်တာနက်ရရေးအတွက် အီလက်ထရွန်းနစ်အင်ဂျင်နီယာလည်း ဖြစ်တဲ့ ဆင်းဂဲလ်ဟာ တောတောင်တွေထဲ တဲထိုးပြီး မိုက်ခရိုဝေ့ဖ်တာဝါတိုင်တွေ တည်ဆောက်တာ Coaxial Cables ကြိုးတွေ ဆင်တာတွေ လုပ်ခဲ့ပါတယ်။ 



အင်တာနက်ရပြီး ၂၇ နှစ်ခန့်အကြာမှာတော့ အိန္ဒိယနိုင်ငံအတွင်း မိုဘိုင်း Broadband စာရင်းသွင်း အသုံးပြုသူ သန်း ၈၀၀ ကျော် ရှိလာပြီး ကမ္ဘာပေါ်မှာ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးမှု ဒုတိယအမြန်ဆုံး နိုင်ငံဖြစ်လာခဲ့ပါတယ်။ ဒီနိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း Software နည်းပညာဖွံ့ဖြိုးတဲ့နိုင်ငံဖြစ်လာပြီး ဆော့ဖ်ဝဲလ်ဝန်ဆောင်မှု တင်ပို့ကုန်ချည်းသက်သက် ဒေါ်လာဘီလျံ ၁၃၀ ကျော် ရရှိနေပြီ ဖြစ်ပါတယ်။ 

ဆင်းဂဲလ်ဟာ အိန္ဒိယအတွက် အင်တာနက်တင် ယူဆောင်ခဲ့တာ မဟုတ်ပါဘူး။ သူဟာ နိုင်ငံတစ်နိုင်ငံလုံးအတွက် အခွင့်အရေးတံခါးတစ်ချပ် ၊ ပိုလှတဲ့ အနာဂါတ်တစ်ခုဆီကိုပါ ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က