အိန္ဒိယအရှေ့ဘက် ကမ်းရိုးတန်းဒေသကို ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နိုင်ပါတယ်

အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းဒေသကို ယနေ့ (စက်တင်ဘာ ၂၆ ရက်) ညပိုင်းအချိန် ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နိုင်တာကြောင့် ပြည်နယ်သုံးခုရှိ လူဦးရေ ထောင်ပေါင်းများစွာကို ရွှေ့ပြောင်းထားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း Gulab က ဩရိသျှနဲ့ အင်ဒရာပရာဒက်ရှ် ပြည်နယ်နှစ်ခုကြား ကမ်းရိုးတန်းကို လေတိုက်နှုန်း တစ်နာရီလျှင် ၅၉ မိုင်အထိဖြင့် ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားကြောင်း အိန္ဒိယမိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။ ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်မှုနဲ့ အလွန်အမင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ယနေ့ ပြောပါတယ်။



ဩရိသျှနဲ့ အင်ဒရာပရာဒက်ရှ် ပြည်နယ်တာဝန်ရှိသူတွေက ကမ်းရိုးတန်းတစ်လျှောက်ရှိ ဒေသခံ ထောင်ပေါင်းများစွာကို ခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းပေးထားပြီး ရာနဲ့ချီတဲ့ အရေးပေါ်ဆိုင်ရာ ဝန်ထမ်းတွေကို ကမ်းရိုးတန်းဒေသသို့ စေလွှတ်ထားကြောင်း သိရပါတယ်။ ဩရိသျှပြည်နယ် မြောက်ဘက်ရှိ အနောက်ဘင်ဂေါပြည်နယ်မှ အာဏာပိုင်တွေကလည်း ဆိုင်ကလုန်း Gulab က ပြည်နယ်ကို တိုက်ရိုက် ဝင်ရောက်တိုက်ခတ်နိုင်ဖွယ်မရှိပေမဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

(Map: Google Maps)

"လူ ၂၀,၀၀၀ ကျော်ကို ဆိုင်ကလုန်းမုန်တိုင်း ခိုလှုံရေးနေရာအဖြစ် ပြင်ဆင်ထားတဲ့ ကျောင်းတွေနဲ့ အစိုးရရုံးတွေမှာ ရွှေ့ပြောင်းထားပါတယ်" လို့ အနောက်ဘင်ဂေါပြည်နယ်အစိုးရမှ တာဝန်ရှိသူ Bankim Hazra က AFP ကို ပြောပါတယ်။ ဩရိသျှပြည်နယ်မှာတော့ ခရိုင်ဒေသ ၇ ခုမှာ မုန်တိုင်းသတိပေးချက် တိုးမြှင့်ထုတ်ပြန်ထားပြီး ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူ PK Jena က ဆိုပါတယ်။

ဩရိသျှပြည်နယ်အတွင်း ကမ်းရိုးတန်းခရိုင်တစ်ခုဖြစ်တဲ့ Ganjam ဟာ ဆိုင်ကလုန်း Gulab တိုက်ခတ်မှုကို ဆိုးရွားစွာ ခံရနိုင်ကြောင်းလည်း PK Jena က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ အင်ဒရာပရာဒက်ရှ်ပြည်နယ်မှာလည်း မြေနိမ့်ပိုင်းဒေသရှိ မိသားစု ၈၅,၀၀၀ ခန့်ကို ရွှေ့ပြောင်းရန် စီစဥ်ဆောင်ရွက်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း အိန္ဒိယ အရှေ့ဘက်ကမ်းရိုးတန်းကို ဆိုင်ကလုန်း Yaas မဝင်ရောက်မီ လူဦးရေတစ်သန်းကျော်ကို ရွှေ့ပြောင်းပေးခဲ့ရဖူးပါတယ်။ ဆိုင်ကလုန်း Yaas ဖြတ်သန်းတိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပြီး ဩရိသျှနဲ့ အနောက်ဘင်ဂေါပြည်နယ်တွေနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရှိခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းတွေဟာ အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမှာ ပုံမှန်ဖြစ်ပေါ်လေ့ရှိပေမဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ရေမျက်နှာပြင် အပူချိန်မြင့်တက်ရာကနေ ယခင်ကထက်ပိုပြီး မုန်တိုင်းတွေ မကြာခဏ ဖြစ်ပေါ်နိုင်သလို ပိုမိုပိုအားကောင်းနိုင်ကြောင်းလည်း သိပ္ပံပညာရှင် အများအပြားက ပြောထားကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က