အိန္ဒိယမှာ လယ်သမားတွေ တစ်နှစ်ကြာ ကန့်ကွက်ဆန္ဒပြနေခဲ့ပြီးနောက် ဝန်ကြီးချုပ်မိုဒီက စိုက်ပျိုးရေးကဏ္ဍပြုပြင်ပြောင်းလဲရေး အငြင်းပွားဖွယ် လယ်ယာမြေဥပဒေ သုံးခုကို ရုပ်သိမ်းပယ်ဖျက်သွားမယ်လို့ ယနေ့ (နိုဝင်ဘာ ၁၉ ရက်) အံ့အားသင့်ဖွယ် ကြေညာလိုက်ပါတယ်။
(၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း နယူးဒေလီမှာတွေ့ရသည့် မိုဒီ) (Photo: Reuters)
ထောင်နဲ့ချီတဲ့ လယ်သမားတွေဟာ ယမန်နှစ် နိုဝင်ဘာလကတည်းက ဒေလီမြို့စွန်မှာ စခန်းချနေထိုင်ပြီး မိုဒီအစိုးရရဲ့ လယ်ယာမြေဥပဒေတွေကို ကန့်ကွက်ဆန္ဒပြနေခဲ့ကြတာ ဖြစ်ပါတယ်။ ထိုကာလအတွင်း အပူဒဏ်၊ အအေးဒဏ်နဲ့ COVID-19 ကပ်ရောဂါကြောင့် ဆန္ဒပြလယ်သမား ဒါဇင်နဲ့ချီ သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။
အစိုးရရဲ့ လယ်ယာမြေဥပဒေတွေအရ လယ်ယာစိုက်ပျိုးရေးမှာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ပါဝင်ခွင့်ရလာမှာဖြစ်ပြီး မိမိတို့ရဲ့ ဝင်ငွေကို ထိခိုက်နစ်နာစေမယ်လို့ လယ်သမားတွေက ပြောဆိုခဲ့ကြပါတယ်။ ဝန်ကြီးချုပ်မိုဒီက ထိုဥပဒေများကို ရုပ်သိမ်းသွားမယ်လို့ ယနေ့ အံ့အားသင့်ဖွယ် ကြေညာချက်ဟာ အဓိက ဂငယ်ကွေ့ အပြောင်းအလဲတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ မိုဒီရဲ့ ယခုကြေညာချက်မတိုင်မီ လတ်တလော လပိုင်းအတွင်း အစိုးရက ဆန္ဒပြလယ်သမားတွေနဲ့ ကနဦး ဆွေးနွေးမှုတွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
(မုန့်အချိုများကျွေးပြီး အောင်ပွဲခံနေသည့် လယ်သမားများ) (Photo: Reuters)
လာမယ်နှစ် အစောပိုင်းမှာ အိန္ဒိယရဲ့ လူဦးရေအထူထပ်ဆုံး အူတာပရာဒက်ရှ်ပြည်နယ်နဲ့ ကျေးလက်လူဦးရေ များပြားစွာရှိနေတဲ့ အခြား မြောက်ပိုင်းပြည်နယ် နှစ်ခုမှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲများ မတိုင်မီ ဝန်ကြီးချုပ်မိုဒီအစိုးရက လယ်ယာမြေဥပဒေ သုံးခုနဲ့ ပတ်သက်ပြီး လယ်သမားတွေရဲ့ ဆန္ဒအတိုင်း ရုတ်တရက် လိုက်လျောပေးလိုက်တာဖြစ်ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။
"ဒီနေ့ ကျွန်တော် တစ်နိုင်ငံလုံးကို ပြောဖို့ရှိတာက လယ်ယာမြေဥပဒေ သုံးခုလုံးကို ကျွန်တော်တို့ ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်ပြီဆိုတာပါ၊ ဒီလကုန်ပိုင်းမှာ စတင်သွားမယ့် လွှတ်တော်အစည်းအဝေးမှာ ဒီလယ်ယာမြေဥပဒေတွေကို ရုပ်သိမ်းပယ်ဖျက်ဖို့ အခြေခံဥပဒေဆိုင်ရာ လုပ်ငန်းစဥ်ကို အပြီးသတ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" လို့ ဝန်ကြီးချုပ်မိုဒီက ပြောပါတယ်။
(အူတာပရာဒက်ရှ်ပြည်နယ်မှ လယ်သမားဆန္ဒပြပွဲတစ်ခု) (Photo: Reuters)
လယ်သမားသမဂ္ဂတွေနဲ့ ဆန္ဒပြလယ်သမားတွေ အစိုးရဲ့ ယခုကြေညာချက်ကို ကြီးမားတဲ့အောင်ပွဲအဖြစ် အောင်ပွဲခံခဲ့ကြပါတယ်။ သို့သော် ကျွမ်းကျင်သူတွေကတော့ လယ်သမားဦးရေ များစွာရှိနေတဲ့ ပန်ဂျပ်နဲ့ အူတာပရာဒက်ရှ် ပြည်နယ်တွေမှာ ရွေးကောက်ပွဲတွေ ပြုလုပ်ရန်ရှိတာကြောင့် မိုဒီအစိုးရဟာ လယ်ယာမြေဥပဒေတွေ ရုပ်သိမ်းပယ်ဖျက်ရန် မဖြစ်မနေ ဆုံးဖြတ်ခဲ့ရတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။