အိန္ဒိယမြောက်ပိုင်း နေရာဒေသအများစုမှာ အပူလှိုင်းကျရောက်နေပြီး မြို့တစ်မြို့ရဲ့ ယနေ့ (မေ ၂၇ ရက်) အမြင့်ဆုံး အပူချိန်ဟာ ၅၀.၂ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်တင် မြင့်တက်ရောက်ရှိခဲ့ကြောင်း သိရပါတယ်။
(Photo: NDTV)
အိန္ဒိယမြို့တော် ဒေလီမြို့တော်ရဲ့ အပူချိန်ဟာလည်း ၄၇ ဒီဂရီဆဲလ်စီးယပ်ကို ယနေ့ ရောက်ရှိခဲ့ပါတယ်။ အပူလှိုင်းကျရောက်မှုဟာ ယခု သီတင်းပတ်ကုန်အထိ ဆက်လက်ဖြစ်ပေါ်နေနိုင်ကြောင်း တာဝန်ရှိသူတွေက ပြောထားပါတယ်။ အိန္ဒိယမှာ COVID-19 ကူးစက်ဖြစ်ပွားမှုနဲ့ ကျိုင်းကောင်အုပ်များကျရောက်မှုကြောင့် ရုန်းကန်နေရတဲ့ နေရာဒေသတွေအတွက် အပူလှိုင်းက နောက်ထပ် အခက်အခဲတစ်ရပ် ဖြစ်လာခဲ့ပါတယ်။
ကျိုင်းကောင်အုပ်ကျရောက်မှုတွေ ဖြစ်ပွားနေတဲ့ ရာဂျက်စတန် (Rajasthan) ပြည်နယ်အတွင်း ချူရူမြို့ (Churu) ရဲ့ အမြင့်ဆုံး အပူချိန်ဟာ ၅၀.၂ ဒီဂရီဆဲလ်စီးယပ်အထိ ရောက်ရှိခဲ့ပြီး အိန္ဒိယမှာ အမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ အပူချိန် အလွန်မြင့်တက်နေမှုကြောင့် အများပြည်သူအနေနဲ့ တတ်နိုင်သမျှ နေအိမ်မှာနေကြရန် တာဝန်ရှိသူတွေက သတိပေးခဲ့ပါတယ်။
(Photo: Yogesh Kumar/BCCL, New Delhi)
လက်ရှိ အပူချိန်ဟာ အိန္ဒိယမှာ ဆယ်စုနှစ်များအတွင်း အလားတူ အချိန်ကာလအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းရဲ့ မိုးလေဝသအခြေအနေ စောင့်ကြည့်ဝက်ဘ်ဆိုက် El Dorado မှာ ဖော်ပြထားမှုအရ မေ ၂၇ ရက်မှာ အိန္ဒိယက ကမ္ဘာ့အပူဆုံးနေရာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယမှာ အပူလှိုင်းကျရောက်မှု အကြောင်းရင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အိန္ဒိယအရှေ့ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းအမ်ဖန်ကြောင့်လည်း တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ မိုးလေဝသဌာန တာဝန်ရှိသူတွေက ဒေသခံမီဒီယာကို ပြောပါတယ်။
(Photo: Getty Images)
"စူပါဆိုင်ကလုန်းအမ်ဖန်က နိုင်ငံရဲ့ အခြားနေရာတွေက အစိုဓာတ်ကို စုပ်ယူသွားခဲ့တယ်" လို့ ဒေသဆိုင်ရာ မိုးလေဝသဌာနမှ အကြီးအကဲ Kuldeep Shrivastava က Hindustan Times သတင်းစာကို ပြောပါတယ်။ အိန္ဒိယမှာ လတ်တလော နှစ်များအတွင်း အပူလှိုင်းတွေကြောင့် လူအများအပြား သေဆုံးခဲ့ပါတယ်။
လက်ရှိ အပူလှိုင်းကျရောက်မှုက လူတွေအပေါ် သက်ရောက်ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးကြောင်း BBC သတင်းက ပြောပါတယ်။ သို့သော် အိန္ဒိယမှာ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းလုပ်သားတွေက COVID-19 ပိတ်ပင်ကန့်သတ်မှုများအတွင်း ၎င်းတို့နေရပ် ကျေးရွာများသို့ လမ်းလျှောက်ပြန်ကြရာ အပူဒဏ်အန္တရာယ်ရှိနေပါတယ်။