လတ်တလော ရက်ပိုင်းအတွင်း ဒါဇင်နဲ့ချီ အရေအတွက်ရှိတဲ့ မိုးကြိုးပစ်မှုတွေကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ ပြည်နယ်နှစ်ခုမှာ လတ်တလော ရက်ပိုင်းအတွင်း ဒါဇင်နဲ့ချီ အရေအတွက်ရှိတဲ့ မိုးကြိုးပစ်မှုတွေကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

(Photo: Prakash Singh/AFP via Getty Images)

ဘီဟာပြည်နယ်မှာ မိုးကြိုးပစ်မှုတွေကြောင့် လူ ၈၃ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၂၀ ဦးကတော့ ဒဏ်ရာရရှိကာ ဆေးရုံတင်ထားရကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် မိုးကြိုးပစ်မှုကြောင့် အိမ်နီးချင်းပြည်နယ် အူတာပရာဒက်ရှ်မှာလည်း အနည်းဆုံး လူ ၂၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။



အိန္ဒိယမှာ မုန်သုန်မိုးများ သည်းထန်စွာ ရွာသွန်းမှုအတွင်း မိုကြိုးပစ်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ ထိုအတောအတွင်း မိုးကြိုးပစ်မှုတွေနဲ့ မိုးသက်မုန်တိုင်းတွေကြောင့် သစ်ပင်နဲ့ နေအိမ်အဆောက်အအုံ အများအပြား ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ မိုးလေဝသပညာရှင်တွေက ရာသီဥတုဆိုးရွားမှုတွေ ထပ်ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားပြီး အာဏာပိုင်တွေက ဒေသခံတွေကို သတိပြုကြရန်နဲ့ အဆောက်အအုံများအတွင်းမှာ နေထိုင်ကြရန် သတိပေးထားပါတယ်။

(Photo: Getty Images)

ဘီဟာပြည်နယ်မှာ မိုးကြိုးပစ်မှုကြောင့် ယခု သေဆုံးမှုဟာ လတ်တလော နှစ်များအတွင်း အများဆုံးအရေအတွက် ဖြစ်လာခဲ့တယ်လို့ ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီး Lakshmeshwar Rai က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ သေဆုံးသူတွေအနက် ထက်ဝက်ကျော်ဟာ ဘီဟာပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်း အရပ်ဒေသများမှ ဖြစ်ကြောင်းလည်း ဝန်ကြီးက ဆိုပါတယ်။

အူတာပရာဒက်ရှ်ပြည်နယ်မှာတော့ မိုးကြိုးပစ်မှုကြောင့် သေဆုံးသူအများစုဟာ နီပေါနိုင်ငံနယ်စပ်နဲ့ ဘာသာရေးအထွတ်အမြတ်မြို့ Prayagraj မြို့အနီးရှိ Deoria အရပ်ဒေသမှ ဖြစ်ပါတယ်။ အိန္ဒိယမှာ ၂၀၁၈ ခုနှစ်က မိုးကြိုးပစ်မှုတွေကြောင့် လူ ၂,၃၀၀ ကျော် သေဆုံးခဲ့ဖူးကြောင်း National Crime Records Bureau ရဲ့ မှတ်တမ်းက ဖော်ပြပါတယ်။

(Photo: Getty Images)

၂၀၀၅ ခုနှစ်မှစပြီး အိန္ဒိယမှာ မိုးကြိုးပစ်မှုတွေကြောင့် နှစ်စဥ် လူ ၂,၀၀၀ ထက်မနည်း သေဆုံးနေခဲ့ကြောင်းလည်း သိရပါတယ်။ အခြား ကမ္ဘာ့နေရာတွေနဲ့ နှိုင်းယှဥ်ပါက အိန္ဒိယမှာ လူများစွာက အဆောက်အအုံပြင်ပ နေရာတွေမှာ အလုပ်လုပ်ကိုင်ကြလေ့ရှိရာ မိုးကြိုးပစ်ခံရမှု အန္တရယ်ပိုရှိပြီး သေဆုံးမှုနှုန်း ပိုမိုမြင့်မားရတဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်နေပါတယ်။ ၂၀၁၈ ခုနှစ်က အိန္ဒိယတောင်ပိုင်း အန်ဒရာပရာဒက်ရှ်ပြည်နယ်မှာ ၁၃ နာရီအတွင်း မိုးကြိုးပစ်မှုအကြိမ်ရေ ၃၆,၇၄၉ ကြိမ်အထိ စံချိန်တင်ခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က