အောက်တိုဘာ ၁ ရက်နေ့က စပြီး ဝန်ဆောင်မှုပေးသွားမှာပါ။

အိန္ဒိယနိုင်ငံဟာ အောက်တိုဘာ ၁ ရက်နေ့မှာ စီးပွားဖြစ် 5G ဝန်ဆောင်မှု တရားဝင်ဖြန့်ကြက်လိုက်ကြောင်း ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ 

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက နယူးဒေလီမြို့မှာ ကျင်းပတဲ့ ၆ ကြိမ်မြောက် အိန္ဒိယမိုဘိုင်းကွန်ဂရက် (IMC) မှာ ကြေညာသွားတာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ 5G ဝန်ဆောင်မှုကို ပထမအသုတ် ဖြန့်ကြက်မှုအနေနဲ့ အမ္မီဒါဘက် ၊ ဘန်ဂလာရူ ၊ ချာဒင်ဂါ့ ၊ ချန်နိုင်း ၊ ဒေလီ ၊ ဂန္ဒီနာဂါ ၊ ဂူရူဂရမ် ၊ ဟိုက်ဒရာဘတ် ၊ ဂျမ်နာဂါ ၊ ကာလကတ္တား ၊ လက်ခနောင် ၊ မွမ်ဘိုင်း ၊ ပူနေး ၊ ဆီလီဂူရီ နဲ့ ဗာရာဏသီ မြို့ကြီးတွေ အပါအဝင် မြို့ကြီး ၂၂ မြို့ကနေ စတင်သွားမယ်လို့ GSMArena သတင်းက ဖော်ပြပါတယ်။ 




Photo: GSMArena


အိန္ဒိယရဲ့ 5G ကွန်ရက်ဝန်ဆောင်မှုကို Reliance Jio ၊ Airtel နဲ့ Vi (Vodafone-Idea) တယ်လီကွန်းတွေက နိုင်ငံအနှံ့ ကနဦး စတင်ဝန်ဆောင်မှုပေးသွားမှာပါ။ Airtel ရဲ့ ဖောက်သည်တွေက 5G ဝန်ဆောင်မှုကို နိုင်ငံအနှံ့ ကနဦး စတင်အသုံးပြုနိုင်မယ်လို့လည်း ပြောပါတယ်။ 5G စမတ်ဖုန်းရှိတဲ့ Airtel ကွန်ရက်အသုံးပြုသူတွေအနေနဲ့ အောက်တိုဘာ ၁ ရက်နေ့က စပြီး မြို့တချို့မှာ 5G Network ထဲ ဝင်ရောက်နိုင်တော့မှာ ဖြစ်ပါတယ်။ 

Airtel ရဲ့ 5G ဝန်ဆောင်မှုကို ဘန်ဂလာရူ ၊ ချန်နိုင်း ၊ ဒေလီ ၊ ဂူရူဂရမ် ၊ ဟိုက်ဒရာဘတ် ၊ ကာလကတ္တား ၊ မွမ်ဘိုင်း ၊ ဆီလီဂူရီ နဲ့ ဗာရာဏသီမြို့ ဒေသအချို့မှာ အသုံးပြုနိုင်တော့မယ်လို့ ဆိုပါတယ်။ နိုင်ငံအနှံ့ တခြားဒေသတွေမှာတော့ ၂၀၂၄ မတ်လထဲမှာ ဖြန့်ကြက်သွားမယ်လို့ မျှော်လင့်ထားပါတယ်။ အိန္ဒိယရဲ့ အင်အားကြီး တယ်လီကွန်းတစ်ခုဖြစ်တဲ့ Reliance Jio ကလည်း အောက်တိုဘာ ၂၄ ရက် ဒီဝါလီပွဲက စပြီး ချန်နိုင်း ၊ ဒေလီ ၊ ကာလကတ္တား နဲ့ မွမ်ဘိုင်းက အသုံးပြုသူတွေအတွက် 5G ဝန်ဆောင်မှု ထုတ်ပေးသွားမှာ ဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာလထဲမှာ အိန္ဒိယတလွှား 5G ဝန်ဆောင်မှု ပေးနိုင်အောင် စီစဉ်နေတယ်လို့ ဆိုပါတယ်။ 

Photo : News9 Live

နောက်ထပ် တယ်လီကွန်းတစ်ခုဖြစ်တဲ့ Vi ကတော့ မကြာမီ ဝန်ဆောင်မှုစတင်သွားမယ်လို့ပဲ ပြောထားပြီး 5G ဝန်ဆောင်မှု စတင်ဖြန့်ကြက်မယ့်ရက်ကို အတိအကျ ထုတ်ပြောခြင်း မရှိသေးပါဘူး။ နိုင်ငံပိုင် တယ်လီကွန်းဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ BSNL က လာမယ့်နှစ် ဩဂုတ်လထဲမှာ 5G ဝန်ဆောင်မှု ပေးသွားမယ်လို့ ပြောပါတယ်။ 5G ကွန်ရက်ဈေးနှုန်းတွေဟာ လက်ရှိ 4G ဒေတာဈေးနှုန်းနဲ့ပဲ ဝန်ဆောင်မှုပေးသွားမယ်လို့ Airtel က ဆိုပါတယ်။ 

မိုဘိုင်းဒေတာဈေး အကြီးအကျယ်လျှော့ချပေးလေ့ရှိတဲ့ Reliance Jio ဟာ ဒေါ်လာ ၁၅၀ အောက်တန် တန်ဖိုးနည်း 5G ဖုန်းမိတ်ဆက်ဖို့ စီစဉ်ထားပြီး 5G ဈေးနှုန်းကိုလည်း ပြိုင်ဘက်တွေထက် အများကြီး လျှော့ချသွားမယ်လို့ ယူဆရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က