အိန္ဒိယနိုင်ငံက ကာကွယ်ဆေးအစီအစဥ် အရှိန်မြှင့်ရန် COVID-19 ကာကွယ်ဆေးတွေကို စီးပွားဖြစ်လုပ်ငန်းသုံး ဒရုန်းများဖြင့် စတင်ပို့ဆောင်နေပြီလို့ အစိုးရအကြီးတန်းသိပ္ပံပညာရှင်တစ်ဦးက ပြောပါတယ်။
နိုင်ငံအရှေ့မြောက်ပိုင်း တောင်တန်းထူထပ်တဲ့ ပြည်နယ်တွေမှာ ကာကွယ်ဆေးတွေကို ဒရုန်းများသုံးပြီး ပို့ဆောင်နေတယ်လို့ ဒေါက်တာဆမီရန်ပန်ဒါက ဆိုပါတယ်။ အိန္ဒိယအစိုးရ ၂၀၂၁ ခုနှစ်ကုန်မှာ COVID-19 ကာကွယ်ဆေးထိုးရန် အကျုံးဝင်တဲ့ နိုင်ငံသားအားလုံးကို ထိုးပေးပြီးဖြစ်ရန် ရည်မှန်းထားပါတယ်။ သို့သော် ကျွမ်းကျင်သူတွေကတော့ ရည်မှန်းချက်အတိုင်း ပြီးမြောက်နိုင်ရန် လိုအပ်ချက်တွေရှိနေကြောင်း ပြောပါတယ်။
အိန္ဒိယမှာ လက်ရှိအချိန်အထိ အတည်ပြုထောက်ခံချက်ရ ကာကွယ်ဆေးသုံးမျိုး အသုံးပြုကာ လူဦးရေ သန်း ၉၂၀ ကို ထိုးနှံပေးခဲ့ပြီး ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးရန် အကျုံးဝင်တဲ့ နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ အနည်းဆုံး ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးဖြစ်ကြောင်း အစိုးရရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။
(Photo: ICMR)
အိန္ဒိယက တနင်္လာနေ့ (အောက်တိုဘာ ၄ ရက်) နေ့မှာ နိုင်ငံအရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်မှာ COVID-19 ကာကွယ်ဆေးတွေကို ဒရုန်းဖြင့် သယ်ယူပို့ဆောင်မှု စမ်းသပ်ခဲ့ပါတယ်။ ဒရုန်းတစ်စီးဖြင့် ကာကွယ်ဆေး ၁၀ လုံးကို သယ်ဆောင်ပြီး Bishnupur မြို့ကနေ Loktak ရေကန်ကြီးထဲရှိ Karang ကျွန်းသို့ ၁၂ မိနစ်အတွင်း သယ်ယူပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။
လူဦးရေ ၃,၅၀၀ နေထိုင်ကြတဲ့ Karang ကျွန်းသို့ ပုံမှန်ခရီးစဥ်အတိုင်း စက်လှေနဲ့ ကားဖြင့် သွားရောက်ပါက အချိန် ၄ နာရီခန့် ကြာမြင့်တယ်လို့ ဆိုပါတယ်။ COVID-19 ကာကွယ်ဆေးကို ဒရုန်းဖြင့် စမ်းသပ်ပို့ဆောင်မှုဟာ အောင်မြင်ခဲ့ပြီး ထိုကျွန်းပေါ်ရှိ လူ ၁၀ ဦးကို ကာကွယ်ဆေးထိုးပေးခဲ့ကြောင်း Indian Council of Medical Research (ICMR) ရဲ့ ကူးစက်ရောဂါဆိုင်ရာဌာန အကြီးအကဲ ဒေါက်တာဆမီရန်ပန်ဒါက ပြောပါတယ်။
(Photo: ICMR)
ယခုအခါ တောင်တန်းထူထပ်တဲ့ မဏိပူရနဲ့ နာဂလန်းပြည်နယ်များရှိ ကျေးရွာတွေကို ဒရုန်းများဖြင့် ကာကွယ်ဆေးတွေ ပို့ဆောင်နိုင်ဖွယ်ရှိပါတယ်။ ထိုနေရာတွေကို တောင်ပေါ်လမ်းတွေနဲ့ ချောင်းတွေကို ဖြတ်သန်းပြီး သွားရောက်မည်ဆိုပါက ၁၂ နာရီအထိ ကြာမြင့်နိုင်ကြောင်း သိရပါတယ်။ ဒရုန်းများဖြင့် COVID-19 ကာကွယ်ဆေးပို့ဆောင်မှုကို Andamans နဲ့ Nicobar ကျွန်းစုအတွက်လည်း အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ ထိုကျွန်းစုသို့ စက်လှေဖြင့် အချိန်ကြာမြင့်စွာ သွားရောက်ရတာဖြစ်ပါတယ်။
"လူနေကျဲပါးတဲ့ အစွန်အဖျားနေရာတွေမှာ ကူးစက်မှုမဖြစ်အောင် အဲဒီမှာနေထိုင်သူတွေကို ကာကွယ်ဆေး အလျင်အမြန် ထိုးပေးနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်၊ တစ်ကယ်လို့ အဲဒီနေရာတွေမှာ လူတွေ ကူးစက်ခံရပြီး ရောဂါပြင်းထန်ခဲ့ရင် သူတို့မှာ အသက်ရှူစက် ဒါမှမဟုတ် အရေးပေါ်ကြပ်မတ်ကုသမှု ဒါမှမဟုတ် အောက်စီဂျင် မရှိကြဘူးလေ" လို့ ဒေါက်တာဆမီရန်ပန်ဒါက ပြောပါတယ်။ အိန္ဒိယအစိုးရက အလေးချိန် ၁၀ ပေါင် သို့မဟုတ် ကာကွယ်ဆေးအလုံးရေ အများဆုံး ၉၀၀ သယ်ဆောင်ပြီး အနည်းဆုံး ၄၃ မိုင် ပျံသန်းနိုင်တဲ့ ဒရုန်းတွေကို အသုံးပြုနေကြောင်း သိရပါတယ်။