အိန္ဒိယတောင်ပိုင်းမှာ ဂက်စ်ယိုစိမ့်မှုဖြစ်ပွားခဲ့ရာ လူ ၁၁ ဦးထက်မနည်း သေဆုံးပြီး အခြား လူ ၁,၀၀၀ နာမကျန်းဖြစ်ကာ ဆေးရုံရောက်ခဲ့ကြောင်း သိရပါတယ်။
(Photo: Getty Images)
အန်ဒရာပရာဒက်ရှ်ပြည်နယ် Visakhapatnam မြို့မှာ ယနေ့ (မေ ၇ ရက်) ဖြစ်ပွားခဲ့တဲ့ ဂက်စ်ယိုစိမ့်မှုဟာ LG Polymers ဓာတုဗေဒစက်ရုံမှဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဆေးရုံရောက်လာတဲ့ လူနာတွေဟာ ဂက်စ်ယိုစိမ့်မှုကြောင့် မျက်လုံးများ ပူလောင်ကျိန်းစပ်ခြင်းနဲ့ အသက်ရှူကျပ်ခြင်းတို့ ခံစားကြရတယ်လို့ ဆိုပါတယ်။
ယနေ့ ဒေသစံတော်ချိန် မနက် ၃ နာရီခန့်က ဂက်စ်ယိုစိမ့်မှု ဖြစ်ပွားခဲ့ကြောင်းနဲ့ ပေါ့ဆမှုကြောင့်ဖြစ်နိုင်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ COVID-19 ကူးစက်ဖြစ်ပွားမှုကြောင့် မတ်လ ၂၄ ရက်နေ့ကတည်းက lockdown အစီအမံအရ ပိတ်ထားခဲ့တဲ့ ဓာတုဗေဒစက်ရုံကို ပထမဆုံးအကြိမ် ပြန်ဖွင့်ခဲ့စဥ် ဂက်စ်ယိုစိမ့်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
(Photo: K. R. Deepak)
အဆိုပါ စက်ရုံဟာ ပြန်လည်ဖွင့်လှစ်စဥ်မှာ သင့်တော်တဲ့ လုပ်ထုံးလုပ်နည်းနဲ့ ညွှန်ကြားချက်တွေကို လိုက်နာခဲ့ပုံမရကြောင်း ပြည်နယ်စက်မှုဝန်ကြီး Goutam Reddy က BBC Telugu သတင်းဌာနကို ပြောပါတယ်။ စက်ရုံကနေ ဂက်စ်ယိုစိမ့်ပျံ့နှံ့လာခဲ့ရာ မြို့ခံများ ၎င်းတို့နေအိမ်အပြင်ဘက်သို့ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။
ဂက်စ်ယိုစိမ့်မှုကြောင့် ထွက်ပြေးလာသူများ လမ်းပေါ်မှာ သတိမေ့လဲကျနေတဲ့ပုံများ ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာခဲ့ပါတယ်။ ဂက်စ်ယိုစိမ့်မှုဖြစ်ပွားစဥ် စက်ရုံအတွင်း အလုပ်သမားများရှိနေခဲ့ကြောင်း ယုံကြည်ရပေမဲ့ ၎င်းတို့နဲ့ ပတ်သက်တဲ့ သတင်းကို မသိရသေးဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
စက်ရုံမှထွက်လာတဲ့ အခိုးအငွေ့တွေဟာ ၂ မိုင်ပတ်လည်အတွင်း ပျံ့နှံ့ရောက်ရှိခဲ့ကြောင်း စိုးရိမ်ခဲ့ပြီး တာဝန်ရှိသူတွေက အနီးပတ်ဝန်းကျင်ရှိ မြို့ခံတွေကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ထိုအတောအတွင်း အန်ဒရာပရာဒက်ရှ်ပြည်နယ် လေထုညစ်ညမ်းမှုထိန်းချုပ်ရေးအဖွဲ့ (Andhra Pradesh Pollution Control Board) မှ အကြီးတန်းအရာရှိ Rajendra Reddy က စက်ရုံမှ ယိုစိမ့်ထွက်လာတဲ့ ဂက်စ်ဟာ styrene ဓာတုပစ္စည်းဖြစ်ပြီး ပုံမှန်အားဖြင့် အေးခဲထားလေ့ရှိကြောင်း BBC ကို ပြောပါတယ်။
"ဓာတုပစ္စည်းကို ရှူရှိုက်ခဲ့မိသူတွေမှာ ရေရှည် အကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး သိရှိနားလည်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်" လို့ ၎င်းက ဆိုပါတယ်။ တစ်ချိန်တည်းမှာပင် တာဝန်ရှိသူတွေက စက်ရုံအနီးပတ်ဝန်းကျင်ရှိ လူတွေကို ၎င်းတို့ရဲ့ မျက်နှာများအား ရေစိုအဝတ်ဖြင့် ဖုံးအုပ်ထားကြရန် ပြောထားကြောင်း သိရပါတယ်။
(Photo: AFP)
အိန္ဒိယမှာ ဂက်စ်ယိုစိမ့်မှု ဝမ်းနည်းစရာ သမိုင်းဖြစ်ရပ်ဆိုးတစ်ခုအဖြစ် ၁၉၈၄ ခုနှစ်က နိုင်ငံအလယ်ပိုင်း Bhopal မြို့မှာ စက်ရုံတစ်ရုံကနေ ဂက်စ်ယိုစိမ့်မှုဖြစ်ပွားပြီး လူဦးရေ ၃,၇၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ထိုဖြစ်ရပ်ဟာ ကမ္ဘာ့ စက်မှုလုပ်ငန်းဆိုင်ရာ အဆိုးဆုံး ဘေးအန္တရာယ်အဖြစ် သိမှတ်ခဲ့ကြပါတယ်။ အဆိုပါ ဂက်စ်ယိုစိမ့်မှု ဖြစ်ပွားပြီးနောက် ၃၅ နှစ်ကြာချိန်အထိ ဂက်စ်ယိုစိမ့်မှု သက်ရောက်မှုကြောင့် ကိုယ်အင်္ဂါချို့ယွင်းတဲ့ ကလေးများ မွေးဖွားနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ဆက်တွဲသတင်းအရ LG Polymers ဓာတုဗေဒစက်ရုံကနေ မေ ၈ ရက် မနက်အစောပိုင်းမှာ နောက်ထပ် ဂက်စ်ယိုစိမ့်မှု ထပ်မံဖြစ်ပွားခဲ့ရာ လူတွေကို ပိုမိုရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
.