ကမ္ဘာ့ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်ကာကွယ်ရန် ကြိုးပမ်းနေရတဲ့ အိန္ဒိယနိုင်ငံမှာ နောက်ထပ် ပြဿနာတစ်ရပ်အဖြစ် အလွန်ကြီးမားတဲ့ ကန္တာရကျိုင်းကောင် အုပ်စုကြီးက သီးနှံစိုက်ခင်းများကို ဖျက်ဆီးပစ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။
(Photo: IndiaTV)
အိန္ဒိယမှာ ယခုကြုံတွေ့နေရတဲ့ ကျိုင်းကောင်အုပ်ကြီးကျရောက်မှုဟာ ဆယ်စုနှစ် သုံးခုနီးပါးအတွင်း အဆိုးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ကျိုင်းကောင်အုပ်ကို တုံ့ပြန်တိုက်ထုတ်ရေးအတွက် အိန္ဒိယအာဏာပိုင်တွေက မေ ၂၆ ရက်မှာ အစီအစဥ်တွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒရုန်းများ၊ ထွန်စက်များနဲ့ ကားများ အသုံးပြုပြီး ကျိုင်းကောင်တွေကို ရှာဖွေပြီး ပိုးသတ်ဆေးဖြန်းရန် စီစဥ်ထားခဲ့ကြပါတယ်။
ကန္တာရကျိုင်းကောင်အုပ်ကြီးက အိန္ဒိယရှိ စိုက်ပျိုးမြေဧက ၁၂၃,၀၀၀ ကျော်ကို ဖျက်ဆီးခဲ့ပြီးလည်း ဖြစ်ပါတယ်။ ရာဂျက်စတန် (Rajasthan) နဲ့ မက်ဒ်ရာပရာဒက်ရှ် (Madhya Pradesh) ပြည်နယ်တို့ရှိ နေရာတွေမှ ကျိုင်းကောင်အုပ်များ ကျရောက်နေကြောင်း အိန္ဒိယအစိုးရ Locust Warning Organisation ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး K. L. Gurjar က AFP သတင်းဌာနကို ပြောပါတယ်။
(Photo: Vishal Bhatnagar/AFP)
အဆိုပါ ပြည်နယ်နှစ်ခုလုံးမှာ ကျိုင်းကောင်တွေက ရာသီအလိုက် စိုက်ပျိုးသီးနှံတွေကို အကြီးအကျယ် ပျက်စီးစေခဲ့ရာ ယခင်ကတည်းက COVID-19 ထိန်းချုပ်ရေး တင်းကြပ်တဲ့ lockdown အစီအမံ သက်ရာက်မှုကြောင့် ရုန်းကန်နေရတဲ့ လယ်သမားအများအပြားဟာ အလွန်ဒုက္ခကြုံနေကြရပါတယ်။
ယခုအခါ အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာလည်း သေးငယ်တဲ့ ကျိုင်းကောင်အုပ်တွေ ရှိနေကြတယ်လို့ Gurjar က ပြောပါတယ်။ ကျိုင်းကောင်အုပ်တွေက အိန္ဒိယရှိ Rajastha ပြည်နယ်ကို ရောက်ရှိမလာမီ ဧပြီလအတွင်း အိမ်နီးချင်း ပါကစ္စတန်နိင်ငံမှာလည်း စိုက်ပျိုးရေးလုပ်ငန်း အချက်အချာ နေရာတွေကို ဖျက်ဆီးခဲ့ကြကြောင်း သိရပါတယ်။
(Photo: Banaras Khan/AFP)
ကုလသမဂ္ဂ လက်အောက်ခံ Food and Agriculture Organisation ရဲ့ အချက်အလက်တွေအရ အကောင်ရေ သန်း ၄၀ ပါရှိတဲ့ ကျိုင်းကောင်အုပ်တစ်ခုက လူဦးရေ ၃၅,၀၀၀ စာ သို့မဟုတ် ဆင်ခြောက်ကောင်စာအထိ စားသောက်နိုင်တယ်လို့ ဆိုပါတယ်။ ကျိုင်းကောင်အုပ်တွေဟာ အာဖရိကမှ ပါကစ္စတန်၊ ထိုမှတစ်ဆင့် အိန္ဒိယသို့ လာမယ့် ဇွန်လအတွင်း ပိုမိုရောက်ရှိလာပြီး အခြေအနေ ပိုဆိုးလာနိုင်ကြောင်း ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
အိန္ဒိယမှာ ယခုကဲ့သို့ ကြီးမားလှတဲ့ ကျိုင်းကောင်အုပ်ကျရောက်မှုကို ၁၉၉၃ ခုနှစ်နောက်ပိုင်း မကြုံခဲ့ရဖူးကြောင်း သိရပါတယ်။ ပါကစ္စတန်နိုင်ငံနဲ့ နယ်စပ်အနီးရှိ Rajasthan ပြည်နယ်ရဲ့ နေရာအချို့မှာ ကျိုင်းကောင်တွေက ကောက်ပဲသီးနှံတွေကို ဖျက်ဆီးမှုတွေ နှစ်ပေါင်းများစွာ ရှိနေခဲ့ပေမဲ့ ပြည်နယ်အတွင်းပိုင်းအထိ ဝင်ရောက်လာမှုဟာ ရှားပါးတဲ့ဖြစ်ရပ်လို့ ဆိုပါတယ်။
ပါကစ္စတန်မှာလည်း ဆယ်စုနှစ်နှစ်ခုကျော်အတွင်း ကျိုးကောင်အုပ်ကျရောက်မှု အဆိုးဆုံးဖြစ်နေခဲ့ရာ အစိုးရက ယခုနှစ် အစောပိုင်းမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ရဖူးပါတယ်။ တရုတ်အစိုးရက အိမ်နီးချင်း ပါကစ္စတန်မှာ ကျိုင်းကောင်အုပ်ကြီးကျရောက်မှု နှိမ်းနှင်းရေးအတွက် ကျွမ်းကျင်သူအဖွဲ့ကို စေလွှတ်ပြီး အကောင်ရေ သိန်းနဲ့ချီ ပါဝင်တဲ့ ဘဲတပ်ဖွဲ့ဖြင့် ကူညီပေးခဲ့ပါတယ်။
၂၀၁၈-၁၉ ဆိုင်ကလုန်းရာသီက အာရေဗီယန်ကျွန်းဆယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပေါ်ခဲ့ပြီး ပိုးမွှားအကောင်ရေ မကြုံစဖူး တိုးပွားလာမှုကြောင့်ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောထားပါတယ်။ ထိုစဥ်ကတည်းက တောင်အာရှနဲ့ အရှေ့အာဖရိတို့မှာ ကျိုင်းကောင်များ အစုအပြုံလိုက် ကျရောက်မှုတွေ ကြုံနေခဲ့ရကြောင်း သိရပါတယ်။
.