အိန္ဒိယနိုင်ငံမှာ ယနေ့ (မေ ၂၉ ရက်) ထုတ်ပြန်တဲ့ COVID-19 တရားဝင် ကိန်းဂဏန်းတွေအရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၁၇၅ ဦး တိုးလာခဲ့ပြီး ရောဂါကူးစက်ဖြစ်ပွားမှု စတင်ခဲ့ရာ အိမ်နီးချင်း တရုတ်နိုင်ငံထက် သေဆုံးသူအရေအတွက် ပိုမိုများပြားလာခဲ့ပါတယ်။
(Photo: Reuters)
အိန္ဒိယဟာ ကူးစက်ခံရသူဦးရေမှာလည်း တရုတ်ထက် နှစ်ဆပိုများနေပြီ ဖြစ်ပါတယ်။ ယနေ့ မွန်းလွဲပိုင်းအထိ စာရင်းတွေအရ အိန္ဒိယမှာ COVID-19 ကူးစက်ခံရသူ ၁၆၅,၈၂၉ ဦး၊ သေဆုံးသူ ၄,၇၁၃ ဦးနဲ့ ပြန်လည်သက်သာသူ ၇၁,၀၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။ တရုတ်မှာတော့ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၈၂,၉၉၅ ဦး၊ သေဆုံးသူ ၄,၆၃၄ ဦးနဲ့ ပြန်လည်သက်သာသူ ၇၈,၀၀၀ ကျော်ရှိခဲ့ပါတယ်။
ကမ္ဘာ့နိုင်ငံများအနက် လူနေအထူထပ်ဆုံး မြို့ကြီးများနဲ့ ကျန်းမာရေးစနစ် အားနည်းချက်ရှိတဲ့ အိန္ဒိယဟာ လတ်တလော ရက်ပိုင်းအတွင်း ကူးစက်မှုအသစ်များ စံချိန်တင်မြင့်တက်ခဲ့ပြီး COVID-19 ကူးစက်ဖြစ်ပွားတဲ့ အဓိက နေရာတစ်ခုလည်း ဖြစ်လာကြောင်း AFP သတင်းက ဖော်ပြပါတယ်။ အိန္ဒိယမှာ ကူးစက်မှုများ မြင့်တက်နေပေမဲ့ မတ်လ ၂၄ ရက်ညမှာ စတင်ခဲ့တဲ့ lockdown စီမံဆောင်ရွက်မှုတွေကို ဖြည်းဖြည်းချင်း ဖြေလျှော့ပေးနေခဲ့ပါတယ်။
(Photo: Reuters)
COVID-19 ထိန်းချုပ်ကာကွယ်ရေး lockdown အစီအမံများကြောင့် အိန္ဒိယရဲ့ စီးပွားရေးကို ကြီးမားစွာ သက်ရောက်ခဲ့ပြီး သန်းနဲ့ချီတဲ့ ဆင်းရဲသားတွေအတွက် အခက်အခဲဆုံး အခြေအနေကို ရင်ဆိုင်ခဲ့ကြရပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တဲ့ COVID-19 ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ လက်ရှိအချိန်အထိ သေဆုံးသူ ၃၆၀,၀၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။
အမေရိကန်တစ်နိုင်ငံတည်းမှာပင် သေဆုံးသူဦးရေ ၁၀၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။ ထို့အတူ ကူးစက်မှုများလည်း နေ့စဥ် တိုးလာနေဆဲဖြစ်ပြီး ယနေ့ မွန်းလွဲပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်ခံရသူ ၆ သန်းနီးပါးရှိပြီး ပြန်လည်သက်သာသူ ၂.၅ သန်းကျော်ဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘာ့နိုင်ငံများအနက် အမေရိကန်မှာ ကူးစက်ခံရသူ ၁.၇ သန်းကျော်အထိ တွေ့ရှိထားရပြီး ကူးစက်မှုအများဆုံး နိုင်ငံဖြစ်ပါတယ်။