အိန္ဒိယမှာ ကျန်းမာရေးဝန်ကြီးဌာက ယနေ့ (ဇွန် ၁၃ ရက်) ထုတ်ပြန်မှုအရ COVID-19 ကူးစက်ခံရသူ နောက်ထပ် ၁၁,၄၅၈ ဦးအထိ တိုးလာခဲ့ပြီး တစ်ရက်အတွင်း အများဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။
(Photo: Reuters)
အိန္ဒိယဟာ အမေရိကန်၊ ဘရာဇီးနဲ့ ရုရှားတို့ပြီးလျှင် ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်ဖြစ်ပွားမှု စတုတ္တမြောက် အဆိုးဆုံးနိုင်ငံလည်း ဖြစ်နေပါတယ်။ လတ်တလော သီတင်းပတ်များအတွင်း အိန္ဒိယမှာ နေ့စဥ် ကူးစက်ခံရသူ သိသိသာသာ မြင့်တက်လာခဲ့ပြီး ယနေ့အထိ COVID-19 အတည်ပြုလူနာဦးရေ ၃၀၀,၀၀၀ ကျော်အထိ ရှိလာခဲ့ကြောင်း သိရပါတယ်။
အိန္ဒိယမှာ ကူးစက်မှု အဆိုးဆုံးဖြစ်နေတဲ့ နိုင်ငံအနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်မှာ ကူးစက်ခံရသူ ၁၀၀,၀၀၀ ကျော်လွန်လာခဲ့ကြောင်း ယနေ့ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။ အိန္ဒိယမြို့တော် နယူးဒေလီမြို့မှာလည်း နောက်ထပ် ကူးစက်ခံရသူ ၂,၀၀၀ ကျော်တိုးလာခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ် မနိုင်မနင်း အခြေအနေ ကြုံနေရတယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။
(Photo: AP)
ကူးစက်မှုတွေ မြင့်တက်လာနေပေမဲ့ အိန္ဒိယမှာ COVID-19 ကနေ ပြန်လည်သက်သာလာတဲ့နှုန်း တိုးတက်မှုရှိနေပြီး လက်ရှိအချိန်အထိ လူနာ ၁၄၇,၀၀၀ ကျော် ကုသပျောက်ကင်းခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုအစိုးရက သောကြာနေ့ (ဇွန် ၁၂ ရက်) မှာ ပြောခဲ့ပါတယ်။ အိန္ဒိယမှာ ကုသမှုခံယူနေရဆဲ COVID-19 လူနာ ၁၄၅,၇၇၉ ဦးရှိပြီး ၈,၈၉၀ ဦး သေဆုံးခဲ့ပါတယ်။
လတ်တလော သီတင်းပတ်များအတွင်း အိန္ဒိယကဲ့သို့ပင် ဘရာဇီးနဲ့ ရုရှားနိုင်ငံတို့မှာလည်း COVID-19 ကူးစက်ဖြစ်ပွားမှုတွေ မြင့်တက်နေခဲ့ပါတယ်။ ထိုအတောအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က အာဖရိကတိုက်မှာ COVID-19 ကူးစက်ဖြစ်ပွားမှုနှုန်း အရှိန်မြင့်လာနေတယ်လို့ သတိပေးခဲ့ကြောင်း သိရပါတယ်။