နယူးဒေလီရှိ ယာယီဆေးရုံတစ်ခုမှာ ကတ်ထူကုတင် ၁၀,၀၀၀ တပ်ဆင်နေပါတယ်။

COVID-19 ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေမှုကို ကိုင်တွယ်ဖြေရှင်းရန် ရုန်းကန်နေရတဲ့ အိန္ဒိယနိုင်ငံမှာ ယာယီဆေးရုံတွေအတွက် ကတ်ထူပြားတွေနဲ့ ပြုလုပ်ထားတဲ့ လူနာကုတင် ထောင်ပေါင်းများစွာ အသုံးပြုနေပါတယ်။

ကျစ်လစ်ပေါ့ပါးပြီး မိနစ်ပိုင်းအတွင်း ထုတ်လုပ်တပ်ဆင်နိုင်ပါတယ်


ကုန်ကျစရိတ်သက်သာပြီး ဓာတုဗေဒနည်းဖြင့် ရေစိုခံစေအလွှာ ဖုံးအုပ်ထားတဲ့ ကတ်ထူပြားဖြင့် ဖန်တီးပြုလုပ်ထားတဲ့ လူနာကုတင်တွေဟာ အလေးချိန် ပေါင် ၆၆၀ ကျော်အထိ ဝန်ချိန်ခံနိုင်ရည်ရှိတယ်လို့ ဆိုပါတယ်။ ကတ်ထူပြားသုံးပြီး ပြုလုပ်ထားတဲ့ ကုတင်တွေကို Vikram Dhawan ဆိုသူက ၎င်းရဲ့ညီနဲ့အတူ လနဲ့ချီ ကြာမြင့်ခဲ့တဲ့ lockdown ကာလအတွင်း နေအိမ်မှာ ဒီဇိုင်းထုတ်ကာ ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ ကတ်ထူပြားပေါ်မှာ ၂၄ နာရီကြာပဲ ရှင်သန်နိုင်ပါတယ်

"လူတစ်ယောက်က ဒီကုတင်ကို အရမ်း သက်သောင့်သက်သာနဲ့ မ,ယူနိုင်ပါတယ်၊ ဒီဟာက ကျစ်လစ်တယ်၊ ပေါ့ပါးတယ်၊ ပြီးတော့ မိနစ်ပိုင်းအတွင်း ထုတ်လုပ်တပ်ဆင်နိုင်ပါတယ်" လို့ Vikram Dhawan က အိန္ဒိယမြောက်ပိုင်း ရာဂျက်စတန်ပြည်နယ် Bhiwadi မြို့ရှိ ကတ်ထူပစ္စည်းများ ထုတ်လုပ်နေတဲ့ ၎င်းရဲ့စက်ရုံမှာ AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

နယူးဒေလီအစိုးရက မြို့စွန်ရှိ တရားစခန်းတစ်ခုကို COVID-19 လူနာများအတွက် ယာယီဆေးရုံအဖြစ် ပြောင်းလဲပြီး ကတ်ထူကုတင် ၁၀,၀၀၀ တပ်ဆင်နေတယ်လို့ ဆိုပါတယ်။ ထို့အတူ ဆေးရုံတွေမှာ COVID-19 တွေ အဆမတန် များပြားနေတဲ့ မွမ်ဘိုင်းမြို့မှာလည်း အဆိုပါ ကုတင်တွေကို အသုံးပြုနေကြောင်း သိရပါတယ်။

ဒီကုတင်ရဲ့ တန်ဖိုးက ခင်ဗျား အပြင်ထွက်ပြီး စားသောက်ဆိုင်မှာစားဖို့ အသုံးပြုသလောက်ပါပဲ

"အရေးအကြီးဆုံးအချက်က ကိုရိုနာဗိုင်းရပ်စ်ဟာ ကတ်ထူပြားပေါ်မှာ ၂၄ နာရီကြာပဲ ရှင်သန်နိုင်တာ ဖြစ်ပါတယ်၊ သတ္တု၊ သစ်သား ဒါမှမဟုတ် ပလတ်စတစ်တို့လို အခြား မျက်နှာပြင်တွေပေါ်မှာဆိုရင် သုံးရက်ကနေ လေးရက်အထိ ရှိနေနိုင်တယ်လေ" လို့ Vikram Dhawan က ပြောပါတယ်။

ကတ်ထူကုတင်တွေအတွက် မွေ့ရာတွေကိုတော့ Sheela Foam Limited က Vikram Dhawan ညီအစ်ကိုတွေနဲ့ ယခုနှစ်အစောပိုင်းကတည်းက ပူးပေါင်းပြင်ဆင်ပေးနေခဲ့ပါတယ်။ "ကျွန်တော်တို့က ကုတင်တွေကို စတီးလ် ဒါမှမဟုတ် သစ်သားနဲ့ လုပ်ကြတယ်၊ ဒါပေမဲ့ ဒီနေရာမှာ ကျွန်တော်တို့ လိုအပ်ခဲ့တာက တစ်ခါသုံး ဒါမှမဟုတ် သန့်စင်တဲ့ ကုတင်တွေပါ၊ ကုတင်ရော မွေ့ရာကိုပါ အကာအကွယ် အလွှာအုပ်ထားတော့ သန့်ရှင်းရေးလုပ်နိုင်ပြီး မတော်တဆ တစ်ခုခု ဖိတ်စင်ကျရင်လည်း မပျက်စီးပါဘူး" လို့ Sheela Foam Limited မှ အကြီးအကဲ Sudhir Varanasi က ဆိုပါတယ်။

အလုပ်သမား ၅၀ ကနေ ၆၀ က ဒီကုတင်တွေ အိမ်ကိုယူသွားကြပြီး နေ့စဥ် အသုံးပြုရတာ အရမ်း အဆင်ပြေနေကြတယ်

Vikram Dhawan ညီအစ်ကိုတွေက ၎င်းတို့ ထုတ်လုပ်ထားတဲ့ ကတ်ထူကုတင်တစ်ခုစီရဲ့ ကုန်ကျစရိတ်ကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေမဲ့ သတင်းတွေအရ အမေရိကန် ၁၀ ဒေါ်လာ (မြန်မာကျပ်ငွေ ၁၄,၀၀၀ ဝန်းကျင်) ကုန်ကျတယ်လို့ သိရပါတယ်။ COVID-19 ကပ်ရောဂါ ပြီးဆုံးသွားပါက ၎င်းတို့ရဲ့ ကတ်ထူကုတင်တွေအတွက် ဈေးကွက်ရှိလာမယ်လို့ Vikram Dhawan ညီအစ်ကိုတွေက ယူဆထားပါတယ်။

"ကျွန်တော် ထင်တယ်ဗျ၊ ကျွန်တော်တို့ဆီက အလုပ်သမား ၅၀ ကနေ ၆၀ က ဒီကုတင်တွေ အိမ်ကိုယူသွားကြပြီး နေ့စဥ် အသုံးပြုရတာ အရမ်း အဆင်ပြေနေကြတယ်၊ ဒီကုတင်ရဲ့ တန်ဖိုးက ခင်ဗျား အပြင်ထွက်ပြီး စားသောက်ဆိုင်မှာစားဖို့ အသုံးပြုသလောက်ပါပဲ" လို့ Vikram Dhawanက ပြောပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က