ကမ္ဘာ့ရေနံစိမ်း ဈေးတက်ရာမှ လောင်စာဆီဈေးနှုန်းများ စံချိန်တင်မြင့်တက်လာပြီးနောက် အိန္ဒိယမှာ အစိုးရက ဓာတ်ဆီနဲ့ ဒီဇယ် ဝယ်ယူသူတွေ ပေးဆောင်ရတဲ့ အခွန်နှုန်းများကို လျှော့ချလိုက်ကြောင်း သိရပါတယ်။
လောင်စာဆီခွန် လျှော့ချတဲ့ဆုံးဖြတ်ချက်က ဈေးနှုန်းမြင့်တက်မှုနဲ့ စီးပွားရေးလည်ပတ်မှု အခက်အခဲ လျော့ကျစေရန် ရည်ရွယ်ကြောင်း အိန္ဒိယအစိုးရက ပြောပါတယ်။ ကမ္ဘာတစ်ဝန်း ကပ်ရောဂါကနေ စီးပွးရေးများ နာလန်ပြန်ထူလာနေစဥ် ယခုနှစ်မှာ ကမ္ဘာ့ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်နေပါတယ်။
သို့သော် ရုပ်ကြွင်းလောင်စာ အသုံးပြုမှုလျှော့ချရန် ကြိုးပမ်းနေတဲ့ အိန္ဒိယက လောင်စာဆီဝယ်ယူခွန်များ လျှော့ချခြင်းဖြင့် လောင်စာဆီပိုမိုသုံးစွဲလာရန်လည်း မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ အိန္ဒိယမှာ ဓာတ်ဆီတစ်လီတာ ဝယ်ယူမှုအတွက် ပေးဆောင်ရတဲ့အခွန်ငွေပမာဏကို ၅ ရူပီး (အမေရိကန်ဒေါ်လာ ၀.၀၆၇၁) နဲ့ ဒီဇယ်တစ်လီတာ ဝယ်ယူခွန်ကို ၁၀ ရူပီး (အမေရိကန်ဒေါ်လာ ၀.၁၃၄၂) လျှော့ချလိုက်ကြောင်း သိရပါတယ်။
(Photo: Pixcy)
ဓာတ်ဆီနဲ့ဒီဇယ် ဝယ်ယူခွန် လျှော့ချခြင်းက သုံးစွဲမှုကို ပိုမိုမြင့်တက်စေမှာဖြစ်ပြီး ငွေကြေးဖောင်းပွမှု လျှော့ချစေနိုင်တာကြောင့် ဆင်းရဲသူတွေနဲ့ အလယ်အလတ် လူတန်းစားတွေကို ကူညီရာရောက်တယ်လို့ အိန္ဒိယအစိုးရက ဆိုပါတယ်။ ဗဟိုအစိုးရက ယခုကြေညာချက် ထုတ်ပြန်ပြီးနောက် ဝန်ကြီးချုပ်မိုဒီရဲ့ BJP (Bharatiya Janata Party) သို့မဟုတ် ၎င်းရဲ့မဟာမိတ်တွေ အုပ်ချုပ်တဲ့ အနည်းဆုံး ပြည်နယ် ၁၀ ခုက ၎င်းတို့ပြည်နယ်အတွင်း လောင်စာဆီဝယ်ယူခွန်ကို တစ်လီတာလျှင် နောက်ထပ် ၇ ရူပီးအထိ အများဆုံး လျှော့ချသွားမယ်လို့ ပြောပါတယ်။
ယခုနှစ်မှာ ကမ္ဘာ့ရေနံဈေးနှုန်းများ ခုန်တက်သွားခဲ့ရာ ပြည်တွင်းသုံးစွဲရန် ရေနံလိုအပ်ချက် ၈၅ ရာခိုင်နှုန်းကို ပြည်ပကနေ ပုံမှန်တင်သွင်းနေရတဲ့ အိန္ဒိယအတွက် အခက်အခဲကြုံခဲ့ရပါတယ်။ ကမ္ဘာ့ဈေးနှုန်းတွေ ခုန်တက်သွားခဲ့တာကြောင့် အိန္ဒိယပြည်တွင်းမှာ ဓာတ်ဆီနဲ့ဒီဇယ် ဈေးနှုန်းတွေ စံချိန်တင်မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။