တောင်ကိုရီးယား အီလက်ထရွန်းနစ် နည်းပညာကုမ္ပဏီကြီး ဖြစ်တဲ့ Samsung ဟာ နယူးဒေလီမှာ စက်ရုံတစ်ရုံ တည်ဆောက်သွားမှာပါ။
နယူးဒေလီဆင်ခြေဖုံးရပ်ကွက်မှာ ဆောက်သွားမယ့် display စက်ရုံအတွက် Samsung ဟာ ဒေါ်လာ သန်း ၅၀၀( ရူပီး ကုဋေ ၃၅၀၀ ကျော်) မြှပ်နှံသွားမှာ ဖြစ်တယ်လို့ Tech Crunch သတင်းမှာ ဖော်ပြထားပါတယ်။ ကုမ္ပဏီဟာ ဒီလဆန်းပိုင်းမှာပဲ စက်ရုံဆောက်မယ့် အစီအစဉ်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။
Photo: Samsung News Room
ဒီစက်ရုံဟာ စမတ်ဖုန်းတွေနဲ့ တစ်ခြား အီလက်ထရွန်းနစ် ထုတ်ကုန်အမျိုးမျိုးအတွက် display မျိုးစုံ ထုတ်လုပ်သွားမှာ ဖြစ်ပြီး စက်ရုံကို နိုအီဒါမှာ ရှိတဲ့ လက်ရှိ စက်ရုံဘေးနားက မြေနေရာလွတ်မှာ တည်သွားမှာလို့ ဆိုပါတယ်။ နိုအီဒါမှာ ရှိတဲ့ Samsung စက်ရုံဟာ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းတပ်ဆင်ထုတ်လုပ်မှု စက်ရုံဖြစ်ပြီး ၂၀၁၈ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့တာပါ။
Samsung ဟာ နိုအီဒါစမတ်ဖုန်းစက်ရုံအတွက် ဒေါ်လာ သန်း ၇၀၀ ခန့် သုံးစွဲသွားမယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။ နိုအီဒါဖုန်းစက်ရုံဟာ တစ်နှစ်ကို မိုဘိုင်းဖုန်းအလုံးရေ သန်း ၁၂၀ အထိ ထုတ်လုပ်နိုင်မယ့် စက်ရုံဖြစ်တယ်လို့ ဆိုပါတယ်။ နိုအီဒါဖုန်းစက်ရုံနားမှာ တည်ဆောက်သွားမယ့် display စက်ရုံသစ်ကနေ Samsung ဟာ စမတ်ဖုန်းပစ္စည်းအစိတ်အပိုင်းတွေကို ဒေသတွင်းမှာ ထုတ်လုပ်နိုင်မှာ ဖြစ်သလို နယူးဒေလီက ခွင့်ပြုထားတဲ့ အခွန်နှုန်းထား အလိုက် သက်သာမှုတွေလည်း ခံစားရမှာပါ။
အိန္ဒိယဟာ စမတ်ဖုန်းသုံးစွဲသူ သန်း ၅၀၀ နီးပါး ရှိတဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံး ဖုန်းဈေးကွက်တစ်ခု ဖြစ်ပြီး Samsung ဟာ အိန္ဒိယဈေးကွက်အတွင်း Xiaomi ရဲ့ နောက် ဒုတိယအကြီးဆုံး ဖုန်းကုမ္ပဏီအဖြစ် ရပ်တည်နေပါတယ်။