အာဆမ်ပြည်နယ်မှာ မုတ်သုံရာသီကာလ ရေကြီးမှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေခဲ့ပါတယ်။

အိန္ဒိယအရှေ့မြောက်ပိုင်း အာဆမ်ပြည်နယ်မှာ မုတ်သုံရာသီကာလ ရေကြီးမှုတွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ရာ လူ ၅၀ ထက်မနည်း သေဆုံးပြီး လူဦးရေ နှစ်သန်းကျော် ရေကြီးမှုကြုံနေကြရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

(Photo: Getty Images)

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထောင်နဲ့ချီတဲ့ ကျေးရွာတွေ ရေလွှမ်မိုးနေခဲ့ပါတယ်။ ရေဘေးကြုံရသူတွေကို ရွှေ့ပြောင်းနေရာချထားရန် ရာနဲ့ချီ အရေအတွက်ရှိတဲ့ ယာယီ ခိုလှုံရေးစခန်းတွေ ပြုလုပ်ပေးကြောင်း သိရပါတယ်။ အိန္ဒိယမှာ ပြင်းထန်တဲ့ မုတ်သုံရာသီကို ပုံမှန်ကြုံတွေ့ရလေ့ရှိပေမဲ့ ယခုနှစ်မှာတော့ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကို ရင်ဆိုင်နေရချိန်နဲ့ တိုက်ဆိုင်နေခဲ့ပါတယ်။



"ရေကြီးမှုက ကျွန်တော့်နယ်မှာ အကြီးအကျယ် အပျက်အစီးတွေ ဖြစ်စေခဲ့တယ်၊ နေအိမ်တွေမှာ သောင်တင်နေသူတွေကို ကျွန်တော်တို့ ကယ်ဆယ်နေကြတယ်" လို့ ဝန်ကြီး Mrinal Saikal က Twitter ဗီဒီယိုနဲ့အတူ ‌ရေးသားထားပါတယ်။ ထိုဗီဒီယိုထဲမှာ ၎င်းတို့ရဲ့ ရေကြီးနေတဲ့ နေအိမ်မှာ သောင်တင်နေတဲ့ အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်နှစ်ဦးကို ကူညီကယ်ဆယ်နေတဲ့ ဝန်ကြီး Mrinal Saikal ကိုလည်း တွေ့ရပါတယ်။

(Photo: Getty Images)

တာဝန်ရှိသူတွေက အင်္ဂါနေ့ (ဇူလိုင် ၁၄ ရက်) ပြောကြားမှုအရ အာဆမ်ပြည်နယ်ရှိ ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Kaziranga အမျိုးသားဥယျာဥ် ဧရိယာဟာ ရေနစ်မြုပ်နေခဲ့ပြီး တောရိုင်းတိရိစ္ဆာန် အကောင်ရေ ၅၁ ကောင်ထက်မနည်နး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အမျိုးသားဥယျာဥ်ကနေ တိရိစ္ဆာန်န ၁၀၂ ကောင်ကို ကယ်ဆယ်ခဲ့ကြောင်းနဲ့ ကျားနဲ့ ကြံ အကောင်ရေအချို့ကတော့ ရေကြီးမှုကနေ လွတ်မြောက်ရန် အနီးအနားရှိ ကျေးရွာများသို့ ရောက်ရှိသွားခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ တစ်ကမ္ဘာလုံးရှိ ဦးချိုတစ်ချောင်းနဲ့ ကြံအကောင်ရေ သုံးပုံနှစ်ပုံဟာ Kaziranga အမျိုးသားဥယျာဥ်ထဲမှာ ကျက်စားနေထိုင်ကြတယ်လို့ ဆိုပါတယ်။

(Photo: Hafiz Ahmed/Anadolu Agency via Getty Images)

ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း အာဆမ်ပြည်နယ်တစ်ဝှမ်း ရေကြီးမှုကယ်ဆယ်ရေးလုပ်ဆောင်ရန် လှေအစီးရေ ၁၀၀ နီးပါးကို တာဝန်ရှိသူတွေက အသင့်ပြင်ထားခဲ့ကြောင်း သိရပါတယ်။ ပြည်နယ်အာဏာပိုင်တွေက ခရိုင်ဒေသ ၂၀ မှာ လူဦးရေ ၆၀,၀၀၀ ကျော်အတွက် ယာယီ ခိုလှုံရေးစခန်း ၄၈၀ စီစဥ်ဖွင့်လှစ်ထားပါတယ်။

အာဆမ်ပြည်နယ်အတွင်း လမ်းများ၊ အိမ်များနဲ့ အဆောက်အအုံများဟာ ရေလွှမ်းမိုးနေခဲ့တယ်လို့ BBC သတင်းက ဖော်ပြပါတယ်။ ၂၀၁၉ ခုနှစ်က ယခုအချိန်ကာလမှာပင် အိန္ဒိယ၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ ရေကြီးမှုကြောင့် လူဦးရေ သန်းနဲ့ချီ သောင်တင်ခဲ့ကြပါတယ်။ ထိုစဥ်ကလည်း အာဆမ်နဲ့ ဘီဟာ ပြည်နယ်နှစ်ခုမှာ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူ ၁၀၀ နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။


.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က