တရုတ်နဲ့ တပြိုင်တည်း ထုတ်လုပ်သွားမှာပါ

iPhone သစ် ထုတ်လုပ်မှုဟာ တရုတ်ကနေ အိန္ဒိယကို ရွှေ့လာပြီလို့ ဆိုနိုင်ပါတယ်။

နာမည်ကျော် Apple analyst တစ်ဦးဖြစ်တဲ့ မင်ချိကုအိုရဲ့ အဆိုအရ Apple ဟာ စက်တင်ဘာ ၁၃ ရက်နေ့ မိတ်ဆက်မယ်လို့ ယူဆရတဲ့ iPhone 14 စီးရီးသစ်ကို အိန္ဒိယစက်ရုံတွေမှာ ပထမဆုံးအကြိမ် စတင် ထုတ်လုပ်သွားမယ်လို့ ပြောပါတယ်။ အိန္ဒိယမှာ Apple အတွက် iPhone တပ်ဆင်ထုတ်လုပ်ပေးမယ့် Wistron နဲ့ Foxconn လို ကုမ္ပဏီတွေ ရှိပြီးသားပါ။ လောလောဆယ် Apple အနေနဲ့ အိန္ဒိယစက်ရုံတွေမှာ ရိုးရိုးမော်ဒယ် iPhone သစ်တွေပဲ ထုတ်လုပ်ဖို့ အော်ဒါမှာထားပုံရပြီး Pro မော်ဒယ် ထုတ်လုပ်ရေးကိုတော့ နောက်သုံးလပတ်တွေမှ ဖြစ်လာနိုင်ခြေရှိပါတယ်။ 




ပုံမှန်အားဖြင့် iPhone ပင်မထုတ်လုပ်ရေးတွေ လုပ်နေတဲ့ တရုတ်စက်ရုံတွေမှာ သုံးလပတ်တစ်ခုနဲ့အထက်လောက် ကြာအောင် ထုတ်လုပ်ပြီးမှ ဈေးကွက်ဝင်ပြီးသား iPhone အမှာစာတွေကို အိန္ဒိယစက်ရုံတွေက ထုတ်လုပ်ရတာပါ။ ဒီတစ်ခေါက်မှာတော့ တရုတ်ထုတ်လုပ်ရေးနဲ့ တပြိုင်နက်တည်း အိန္ဒိယမှာ iPhone ထုတ်လုပ်မှု စတင်နေတာ ဖြစ်ပါတယ်။ မင်ချိကုအိုရဲ့ အဆိုအရ Apple Supplier တစ်ဦးဖြစ်တဲ့ Foxconn ဟာ ဒီနှစ် နှစ်ဝက်ထဲမှာ တရုတ်စက်ရုံတွေနဲ့ အပြိုင် ၆.၁ လက်မဆိုဒ် iPhone 14 ထုတ်လုပ်ရေး စတင်တော့မှာလို့ ဆိုပါတယ်။ 

အိန္ဒိယ iPhone တင်ပို့မှုဟာ ရေတိုမှာတော့ တရုတ်ထုတ်လုပ်အားကို မှီဦးမှာ မဟုတ်ပေမယ့် Supply Chain အတွက် တရုတ်ကို အားကိုးမှု လျှော့ချချင်တဲ့ Apple အတွက် ဒါဟာ မှတ်တိုင်တစ်ခုဖြစ်လာမယ်လို့လည်း သူက ပြောပါတယ်။ Apple ဟာ iPhone ထုတ်လုပ်ရေးမှာ တရုတ်ပေါ် မှီခိုမှုကို လျှော့ချဖို့ အိန္ဒိယနဲ့ ဗီယက်နမ်တို့မှာလည်း ထုတ်လုပ်ရေးတွေ တိုးချဲ့လာနေပါတယ်။ တရုတ်မှာ iPhone ထုတ်လုပ်ရေး လျှော့ချလာတာဟာ ပထဝီနိုင်ငံရေးကိစ္စတွေလည်း ပါဝင်နေပါတယ်။ 

တစ်ဖက်မှာလည်း အိန္ဒိယဈေးကွက်ဟာ ဒေသတွင်း ထုတ်လုပ်ရေး တိုးချဲ့ဖို့အပြင် ဈေးကွက်ဖွံ့ဖြိုးရေးအတွက်ပါ အခရာကျလာနေပါတယ်။ မကြာသေးခင်က အစီရင်ခံစာတွေအရ Apple ဟာ ဒီနှစ် ဒုတိယသုံးလပတ်အတွင်း အိန္ဒိယဈေးကွက်မှာ iPhone အလုံးရေ ၁.၂ သန်းကျော် ရောင်းချနိုင်ခဲ့ပြီး နှစ်အလိုက် ဈေးကွက်ဖွံ့ဖြိုးမှု ၉၄% ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယဈေးကွက်ထဲ တင်ပို့ရောင်းချခဲ့တဲ့ iPhone တွေထဲက ၁ သန်းနီးပါးဟာ "အိန္ဒိယထုတ်" ဖုန်းတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 



လာမယ့် စက်တင်ဘာလထဲမှာ မိတ်ဆက်သွားမယ့် iPhone 14 Lineup မှာ iPhone 14 ၊ iPhone 14 Pro ၊ iPhone 14 Max နဲ့ ၆.၇ လက်မ iPhone 14 Pro Max တို့ ပါဝင်ဖို့ ရှိနေပါတယ်။ iPhone 14 မှာ ၆.၁ လက်မဆိုဒ် FHD+ OLED Display သုံးလာနိုင်ပြီး FaceID Sensor နဲ့ ရှေ့ကင်မရာနေရာအတွက် notch ဒီဇိုင်း သုံးလာနိုင်ပါတယ်။ Non-Pro မော်ဒယ်တွေ ဖြစ်တဲ့ iPhone 14 နဲ့ ၆.၇ လက်မဆိုဒ် iPhone 14 Max တို့မှာ 60Hz Refresh rate ရိုးရိုးပဲ သုံးလာမယ်လို့လည်း ကြားရသလို iPhone 13 Series မှာ အသုံးပြုခဲ့တဲ့ A15 Bionic chip ကိုပဲ အသုံးပြုမယ်လို့ ယူဆရပါတယ်။ 

လောလောဆယ် ကြားထားရတဲ့ သတင်းတစ်ပုဒ်အရဆို iPhone 14 ကို iPhone 13 ဈေးအတိုင်း Base Model ဒေါ်လာ ၈၀၀ (မြန်မာငွေ ၁၆ သိန်းခန့်) ဈေးနဲ့ စတင် ရောင်းချလာမယ်လို့လည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က