ရွှေ့ပြောင်းလုပ်သား သန်းနဲ့ချီပြီး ဝင်ငွေမရရှိတော့ဘဲ ရှင်သန်ရပ်တည်ရေးခက်ခဲကာ နေရပ်ပြန်နေကြပါတယ်။

အိန္ဒိယမှာ တစ်နိုင်ငံလုံး lockdown လုပ်ထားစဥ် နေရပ်ပြန်ရန်ကြိုးပမ်းခဲ့ကြတဲ့ ရွှေ့ပြောင်းလုပ်သား ၂၄ ဦးထက်မနည်း ကားတိုက်မှုတစ်ခုအတွင်း သေဆုံးခဲ့ကြပါတယ်။

(Photo: PTI)

အိန္ဒိယမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ် Auraiya ခရိုင်မှာ စနေနေ့ (မေ ၁၆ ရက်) မနက်အစောပိုင်းက ထရပ်ကားနှစ်စီး တိုက်မိခဲ့ကြတာတာ ဖြစ်ပါတယ်။ ထရပ်ကားတစ်စီးက လမ်းဘေးဆိုင်တစ်ဆိုင်မှာ ရပ်ထားတဲ့ အခြား ထရပ်ကားကို ဝင်တိုက်ခဲ့မိတယ်လို့ ဆိုပါတယ်။



ကားတိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အလုပ်သမား အများစုဟာ အိန္ဒိယအနောက်ပိုင်း ပြည်နယ်တွေဖြစ်တဲ့ ဂျေဟာခန်းနဲ့ အနောက်ဘင်ဂေါတို့မှဖြစ်ကြောင်းနဲ့ ဒဏ်ရာရသူ ၃၆ ဦးရှိခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယမှာ COVID-19 ကူးစက်မှုထိန်းချုပ်ရန် အစိုးရက မတ်လ ၂၄ ရက်မှစပြီး တစ်နိုင်ငံလုံးကို အသွားအလာ ပိတ်ပင်ကန့်သတ်ကာ lockdown လုပ်ထားခဲ့ပါတယ်။


(Photo: AP)

တစ်နိုင်ငံလုံး lockdown လုပ်ထားမှုက အိန္ဒိယတစ်ဝှမ်း စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေခဲ့ပြီး နေ့စားဝင်ငွေရှာရသူ ရွှေ့ပြောင်းလုပ်သား သန်းနဲ့ချီပြီး အလုပ်လက်မဲ့ဖြစ်ကာ ဝင်ငွေမရရှိတော့ဘဲ ရှင်သန်ရပ်တည်ရေးခက်ခဲကာ မြို့ကြီးတွေမှာ သောင်တင်နေခဲ့ကြကြောင်း BBC သတင်းက ဖော်ပြပါတယ်။ ထိုအခြေအနေအရ သန်းနဲ့ချီတဲ့ ရွှေ့ပြောင်လုပ်သားတွေဟာ မိုင်ပေါင်းရာချီ ခရီးရှည်ကို လမ်းလျှောက်ခြင်း၊ ကားကြုံစီးခြင်းနဲ့ ကုန်စည်တင်ဆောင်တဲ့ ထရပ်ကားတွေပေါ်ကနေ လိုက်ပါခြင်းတို့ဖြင့် ၎င်းတို့နေရပ်ကို ပြန်ကြရန် ကြုံသလိုဖြစ်သလို ကြိုးစားခဲ့ကြပါတယ်။

(Photo: Business Today India)

ရွှေ့ပြောင်းလုပ်သားတွေဟာ အစိုးရက စီစဥ်ပေးတဲ့ ဘတ်စ်ကားနဲ့ ရထားတွေထက် ထိုသို့ ကြုံသလို အစီအစဥ်ဖြင့် နေရပ်ပြန်နေကြပြီး ကားလမ်းနဲ့ ရထားလမ်းပေါ် မတော်တဆမှုတွေကြောင့် သေဆုံးမှုများရှိခဲ့ပါတယ်။ ယခု သီတင်းပတ်အစောပိုင်းကလည်း အူတာပရာဒက်ရှ်ပြည်နယ် Muzafarnagar ခရိုင်မှာ နေရပ်ပြန်ကြတဲ့ အလုပ်သမားခြောက်ဦး ကားကြိတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် မေ ၈ ရက်နေ့ကလည်း နေရပ်ပြန်ရန် ကြိုးပမ်းခဲ့ကြတဲ့ ရွှေ့ပြောင်းလုပ်သား ၁၆ ဦးဟာ ခြေကုန်လက်ပန်းကျပြီး မဟာရက်ရှ်ထရာပြည်နယ် Aurangabad မြို့ငယ်အနီး ရထားလမ်းမှာ အိပ်ပျော်နေကြစဥ် ရထားကြိတ်ခံရမှုကြောင့် သေဆုံးခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က