အိန္ဒိယမှာ တစ်နိုင်ငံလုံး lockdown ပိတ်ပင်ကန့်သတ်ချက်များ ဖြေလျှော့ပြီး ပြည်တွင်းလေကြောင်းလိုင်းအချို့ ပြန်လည်ပြေးဆွဲရန် ပြင်ဆင်နေစဥ် COVID-19 ကူးစက်ခံလူနာ အသစ်တွေ့ရှိရမှု စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရပါတယ်။
(Photo: Reuters)
ယနေ့ (မေ ၂၂ ရက်) ထုတ်ပြန်မှုအရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အိန္ဒိယမှာ COVID-19 ကူးစက်ခံရသူ ၆,၀၀၀ ခန့်အထိ တိုးလာခဲ့ပြီး နေ့အလိုက် ကူးစက်မှုအသစ်တွေ့ရှိမှု အမြင့်ဆုံး စံချိန်တင်ခဲ့ပါတယ်။ လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၁၈,၀၀၀ ကျော်ရှိလာပြီး မေ ၂၁ ရက်နေ့ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဥ်ပါက အကြမ်းဖျင်း ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။
အိန္ဒိယမှာ လက်ရှိအချိန်အထိ COVID-19 ကြောင့် သေဆုံးသူ ၃,၅၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၄၈,၀၀၀ ကျော်ရှိခဲ့ကြောင်းလည်း သိရပါတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီက COVID-19 ထိန်းချုပ်ရေး မတ် ၂၄ ရက် ညသန်းခေါင်မှစတင်ခဲ့တဲ့ တစ်နိုင်ငံလုံး lockdown လုပ်ထားမှုကို မေ ၃၁ ရက်နေ့အထိ တိုးချဲ့သတ်မှတ်ထားပါတယ်။
(Photo: Reuters)
သို့သော် ကူးစက်မှုနည်းတဲ့ နေရာဒေသတွေမှာ ပိတ်ပင်ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့ပြီး ပြည်နယ်အစိုးရတွေအနေနဲ့ အချို့ကိစ္စတွေမှာ ၎င်းတို့ ကိုယ်ပိုင်ညွှန်ကြားချက်များ ထုတ်ပြန်ရန်ခွင့်ပြုခဲ့ပါတယ်။ အိန္ဒိယမှာ လာမယ့် တနင်္လာနေ့ (မေ ၂၅ ရက်) မှစပြီး လေကြာင်းလိုင်းတွေရဲ့ ပြည်တွင်းလေကြောင်းခရီးစဥ် သုံးပုံတစ်ပုံကို အတင်းကျပ်ဆုံး စည်းမျဥ်းစည်းကမ်းများဖြင့် ပြန်လည်ပြေးဆွဲခွင့်ပြုသွားမယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။
"ဒီလို ကူးစက်မှုအသစ်တွေ မြင့်တက်လာတာက လူတွေကို သွားလာလှုပ်ရှားမှု တစ်စိတ်တစ်ပိုင်း ခွင့်ပြုပေးခဲ့ပြီးနောက် ဖြစ်လာတာပါ၊ ဒါပေမဲ့ စုစုပေါင်း အခြေအနေကို ကြည့်မယ်ဆိုရင် ကျန်တဲ့ ကမ္ဘာ့နိုင်ငံတွေထက် များစွာလျော့နည်းပါတယ်" လို့ Public Health Foundation of India မှ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ Giridhar Babu က ပြောပါတယ်။
(Photo: Reuters)
"အခုအချိန်မှာ မေးခွန်းကတော့ သေဆုံးမှုနှုန်း ဘယ်လိုလျှော့ချမလဲ? ကျွန်တော်တို့ လုပ်နိုင်စွမ်းရှိလား? ဆိုတာပါပဲ၊ ဒီအတွက် အဖြေက 'ရက်စ်' ဖြစ်ပါတယ်၊ ကျွန်တော်တို့ လုပ်နိုင်ပါတယ်" လို့ Giridhar Babu က ဖြည့်စွက် ပြောခဲ့ပါတယ်။ အိန္ဒိယမှာ COVID-19 ကူးစက်မှု အဓိကဖြစ်ပွားနေတဲ့ နေရာတွေအနက် နယူးဒေလီ၊ မွမ်ဘိုင်း၊ ဂူဂျာရတ်နဲ့ တမီလ်နာဒူတို့ ဖြစ်ပါတယ်။ "COVID-19 လူနာဆောင်က ပြီးခဲ့တဲ့ သီးတင်းပတ်မှာ ပြည့်နေခဲ့ပြီ၊ နောက်ထပ် လူနာတွေ လက်ခံနိုင်ဖို့ နေရာတိုးချဲ့ထားပါတယ်" လို့ မွမ်ဘိုင်းမြို့ရှိ P. D. Hinduja ဆေးရုံမှ ဒေါက်တာ Lancelot Pinto က ပြောပါတယ်။