အိန္ဒိယမှာ မတ်လ ၂၅ ရက်နေ့မှစပြီး တစ်နိုင်ငံလုံးရှိ လူဦး‌ရေ ၁.၃ ဘီလီယံကို lockdown လုပ်ထားခဲ့ပါတယ်။

အိန္ဒိယမှာ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု ထိန်းချုပ်ဟန့်တားနိုင်ရန် lockdown လုပ်ထားခဲ့ရာ ဧပြီတစ်လတည်းမှာပင် မြန်မာတစ်နိုင်ငံလုံးလူဦးရေရဲ့ နှစ်ဆကျော်ရှိတဲ့ အရေအတွက်ဟာ အလုပ်လက်မဲ့ဖြစ်ခဲ့ရကြောင်း ပုဂ္ဂလိက သုတေသနအဖွဲ့တစ်ခုထံမှ အချက်အလက်တွေက ဖော်ပြပါတယ်။

(Photo: BBC)

အိန္ဒိယမှာ ဧပြီလအတွင်း လူဦးရေ ၁၂၂ သန်းအထိ အလုပ်လက်မဲ့ဖြစ်ခဲ့ကြောင်း အိန္ဒိယရဲ့ လက်ရှိ အလုပ်လက်မဲ့နှုန်းဟာ ၂၇.၁ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်နေခဲ့ကြောင်း Centree of Monitoring the Indian Econom (CMIE) က ပြောပါတယ်။ အချက်အလက်အသစ်တွေအရ အိန္ဒိယရဲ့ အလုပ်လက်မဲ့ဦးရေဟာ အမေရိကန်မှာထက် လေးဆဖြစ်ကြောင်းလည်း သိရပါတယ်။



COVID-19 ကူးစက်ဖြစ်ပွားမှုကြောင့် အိန္ဒိယမှာ မတ်လ ၂၅ ရက်နေ့မှစပြီး တစ်နိုင်ငံလုံးရှိ လူဦး‌ရေ ၁.၃ ဘီလီယံကို အသွားအလာ ပိတ်ပင်ကန့်သတ်ကာ lockdown အစီအမံများဖြင့် နေထိုင်စေခဲ့ရာ များပြားလှတဲ့ လူအစုအပြုံလိုက် အလုပ်လက်မဲ့အခြေအနေ ဖြစ်စေခဲ့ပါတယ်။

(Photo: Getty Images)

Lockdown စတင်ခဲ့တဲ့ မတ်လမှာ အိန္ဒိယရဲ့ အလုပ်လက်မဲ့နှုန်း ၈.၇ ရာခိုင်နှုန်းဖြစ်ခဲ့ပြီး ဧပြီလမှာတော့ ၂၃.၅ ရာခိုင်နှုန်းအထိ အလွန်သိသာစွာ မြင့်တက်လာခဲ့ပါတယ်။ လက်ရှိ မေလ ပထမပတ်မှာတော့ အလုပ်လက်မဲ့နှုန်းဟာ ၂၇.၁ ရာခိုင်နှုန်းအထိ ဆက်လက် မြင့်တက်လာခဲ့ကြောင်း CMIE ရဲ့ အချက်အလက်တွေက ပြောထားပါတယ်။

Lockdown လုပ်ထားစဥ်အတွင်း ဆေးရုံများ၊ ဆေးဆိုင်များနဲ့ အစားအစာရောင်းချမှုများကလွဲပြီး စီးပွားရေးလုပ်ငန်းအများစုကို ရပ်ဆိုင်းထားစေခဲ့ပါတယ်။ ဧပြီလအတွင်း အလုပ်အကို ဆုံးရှုံးခဲ့ရသူ ၁၂၂ သန်းအနက် ၉၁ သန်းဟာ အသေးစား အရောင်းအဝယ်လုပ်သူများနဲ့ နေ့စား အလုပ်ကြမ်းသမားများ ဖြစ်ပါတယ်။ ထို့အတူ လခစား အလုပ်သမား ၁၇.၈ သန်းနဲ့ ကိုယ်ပိုင်အလုပ်လုပ်သူ ၁၈.၂ သန်းဟာလည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ကြရတယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။

(Photo: Getty Images)

အိန္ဒိယမှာ COVID-19 ကြောင့် lockdown အစီအမံ မရှိခဲ့စဥ် အစောပိုင်းကတည်းက အလုပ်လက်မဲ့နှုန်းဟာ ၄၃ လမြောက် မြင့်တက်မှုအဖြစ် ၈.၇ ရာခိုင်နှုန်း ဖြစ်နေခဲ့မှုကို ကျွမ်းကျင်သူတွေက စိုးရိမ်နေခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်လမှာတော့ အိန္ဒိယရဲ့ အလုပ်လက်မဲမှုန်းဟာ ၃.၄ ရာခိုင်နှုန်း ဖြစ်ခဲ့ကြောင်းလည်း CMIE အချက်အလက်တွေအရ သိရှိရပါတယ်။

အိန္ဒိယမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုများ နေ့စဥ် တိုးလာနေဆဲဖြစ်ပြီး ယနေ့ (မေ ၇ ရက်) မနက်ပိုင်းအထိ ကူးစက်ခံရသူ ၅၂,၉၈၇ ဦးနဲ့ သေဆုံးသူ ၈,၃၃၉ ဦးရှိခဲ့ပြီး ပြန်လည်သက်သာသူ အရေအတွက် ၁၅,၃၃၁ ဦး ဖြစ်ပါတယ်။ မေ ၅ ရက်နေ့က ထုတ်ပြန်ခဲ့မှုအရ အိန္ဒိယမှာ တစ်ရက်အတွင်း COVID-19 အတည်ပြုလူနာ ၃,၉၀၀ တိုးလာခဲ့ပြီး နေ့စဥ် ကူးစက်ခံရသူ အသစ်တွေ့ရှိရမှု အမြင့်ဆုံးစံချိန်တင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က