နှစ် ၂၀ အတွင်း မြွေကိုက်ခံရမှုကို လေ့လာမှုအသစ်တစ်ခုအရ သိရှိခဲ့ရပါတယ်။

အိန္ဒိယနိုင်ငံမှာ ပြီးခဲတဲ့ နှစ် ၂၀ အတွင်း မြွေကိုက်ခံရမှုကြောင့် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၁.၂ သန်း သေဆုံးခဲ့ကြောင်း လေ့လာမှုအသစ်တစ်ခုအရ တွေ့ရှိခဲ့ပါတယ်။

(Photo: Keshav Singh/HindustanTimes)

မြွေကိုက်ခံရမှုကြောင့် သေဆုံးခဲ့သူတွေအနက် ထက်ဝက်နီးပါးက အသက် ၃၀ နဲ့ ၆၉ နှစ်ကြား အရွယ်တွေဖြစ်ကြပြီး လေးပုံတစ်ပုံကတော့ ကလေးငယ်တွေ ဖြစ်တယ်လို့ လေ့လာမှုအရ သိရှိရပါတယ်။ သေဆုံးမှုအများစုဟာ မြွေပွေး၊ မြွေဟောက်နဲ့ အိန္ဒိယ krait မြွေမျိုးစိတ်တွေ အကိုက်ခံရမှုကြောင့် ဖြစ်ပါတယ်။ ကျန်ရှိတဲ့ သေဆုံးမှုတွေကတော့ အခြား မြွေမျိုးစိတ် အနည်းဆုံး ၁၂ မျိုးကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။



အိန္ဒိယမှာ မြွေကိုက်ခံရမှုကြောင့် နှစ် ၂၀ အတွင်း သေဆုံးခဲ့မှုတွေအနက် ထက်ဝက်ဟာ မိုးရာသီကာလဖြစ်တဲ့ ဇွန်လနဲ့ စက်တင်ဘာလကြား ဖြစ်ပါတယ်။ ထိုကာလအတွင်း မြွေများ အပြင်ထွက်လေ့ရှိပြီး သေဆုံးသူအများစုဟာ ခြေထောက်မှာ အကိုက်ခံခဲ့ရပါတယ်။ မြွေကိုက်ခံရတဲ့ နေရာဒေသမှာ အလျင်အမြန် ဆေးကုသနိုင်မှု မရှိတာကြောင့် သေဆုံးကြရတယ်လို့ ဆိုပါတယ်။

(Photo: BBC)

ယခု လေ့လာမှုကို အိန္ဒိယနဲ့ နိုင်ငံတကာမှ ထိပ်တန်း ကျွမ်းကျင်သူတွေက ပြုလုပ်ခဲ့ကြပြီး eLife ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ကျွမ်းကျင်သူတွေက အိန္ဒိယနိုင်ငံရဲ့ Million Death Study မှ အချက်အလက်တွေကို စုဆောင်းရယူပြီး လေ့လာမှုပြုခဲ့ကြတာ ဖြစ်ပါတယ်။ Russell's viper မြွေပွေးမျိုးစိတ်ဟာ အိန္ဒိယတစ်ဝှမ်းနဲ့ တောင်အာရှမှာ ပျံ့နှံ့တွေ့ရှိရတဲ့ မြွေမျိုးစိတ်ဖြစ်ပြီး အများအားဖြင့် ရန်မူတတ်တယ်လို့ ဆိုပါတယ်။

မြွေပွေးတွေဟာ ကြွက်ကဲ့သို့ တိရိစ္ဆာန်တွေကို စားကြပြီး လူတွေ အခြေချနေထိုင်ကြတဲ့ မြို့ပြနဲ့ ကျေးလက် နေရာနှစ်ခုလုံးမှာ မကြာခဏ တွေ့ရလေ့ရှိပါတယ်။ အိန္ဒိယ krait မြွေကတော့ ပုံမှန်အားဖြင့် နေ့ဘက်မှာ ခွေနေတတ်ပြီး အန္တရာယ်မပြုတတ်ကြပေမဲ့ ညဘက်ရောက်ချိန်မှာတော့ ရန်လိုတတ်တဲ့ မြွေမျိုးဖြစ်ပါတယ်။ အိန္ဒိယ krait မြွေဟာ အရှည် ၅ ပေ ၉ လက်မအထိ ကြီးထွားနိုင်တယ်လို့ BBC သတင်းက ဆိုပါတယ်။

(Photo: AFP)

အိန္ဒိယမြွေဟောက်ကတော့ မှောင်မိုက်လာပြီးနောက် တိုက်ခိုက်တတ်ပြီး ခန္ဓာကိုယ်တွင်း သွေးယိုစိမ့်မှု ဖြစ်စေကာ ဆေးကုသမှု ချက်ချင်းခံယူရန် လိုအပ်ပါတယ်။ ကျွမ်းကျင်သူတွေ ပြုလုပ်ခဲ့တဲ့ ယခု လေ့လာမှုအရ ၂၀၀၁ နဲ့ ၂၀၁၄ ခုနှစ်ကြား မြွေကိုက်ခံရမှုကြောင့် သေဆုံးမှုအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို ဘီဟာ၊ ဂျေဟာရက်ခန်း၊ မက်ဒ်ရာပရာဒက်ရှ်၊ ဩရစ်သျှ၊ အူတာပရာဒက်ရှ်၊ အင်ဒရာပရာဒက်ရှ် (ပြည်နယ်အသစ် တီလန်ဂါနာ အပါအဝင်)၊ ရာဂျက်စတန်နဲ့ ဂူဂျာရတ် ပြည်နယ်ရှစ်ခုမှာ တွေ့ခဲ့ရပါတယ်။

အိန္ဒိယမှာ မြွေကိုက်ခံရမှုကြောင့် သေဆုံးနိုင်တဲ့ အန္တရာယ်ဟာ နှစ်ပေါင်း ၇၀ မရောက်မီ ခန့်မှန်းခြေအားဖြင့် လူ ၂၅၀ မှာ ၁ ဦး ဖြစ်ပါတယ်။ သို့သော် နေရာဒေသအချို့မှာတော့ လူ ၁၀၀ မှာ ၁ ဦးနှုန်း မြွေကိုက်ခံရမှုကြောင့် သေဆုံးနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း လေ့လာမှုက ပြောပါတယ်။ ကျေးရွာတွေမှာ နေထိုင်ကြတဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ကြသူတွေဟာ မိုးရာသီကာလအတွင်း မြွေကိုက်ခံရနိုင်တဲ့ အန္တရာယ်အကြီးဆုံး ဖြစ်ပါတယ်။

(Infographic and Photo: BBC, Getty Images)

ထိုနေရာဒေသမှာ နေထိုင်ကြသူတွေကို မြွေအန္တရာယ်ကင်းရှင်းရေး ပညာပေးမှုတွေ လုပ်ဆောင်သင့်ကြောင်း၊ မြွေကိုက်ခံရမှုအန္တရာယ် လျော့နည်းစေရန် ရာဘာလည်ရှည်ဖိနပ်နဲ့ လက်အိတ်များနဲ့ ဓာတ်မီးများ အသုံးပြုသင့်ကြောင်း လေ့လာမှုပြုလုပ်ခဲ့တဲ့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

မြွေကိုက်ခြင်းဟာ ယခုအခါ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်လာနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ မြွေကိုက်ခံရမှုတွေကြောင့် လူဦးရေ ၈၁,၀၀၀ နဲ့ ၁၃၈,၀၀၀ ကြား နှစ်စဥ် သေဆုံးနေတယ်လို့ WHO က ပြောပါတယ်။ ထိုအရေအတွက်ရဲ့ သုံးဆဟာ အသက်မဆုံးရှုံးဘဲ အမြဲတမ်း မသန်းစွမ်းအခြေအနေ ဖြစ်သွားခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က