အိန္ဒိယနိုင်ငံမှာ လူ ၈ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်တစ်ခုနဲ့ ပတ်သက်နေကြောင်း စွပ်စွဲခံထားရတဲ့ ပြည်ထောင်စုဝန်ကြီးတစ်ဦးရဲ့ သားဖြစ်သူကို ထိုသို့ စွပ်စွဲခံရပြီးနောက် ၆ ရက်အကြာမှာ ဖမ်းဆီးလိုက်ပါတယ်။
Ashish Mishra ကို တရားရုံး ကြားနာစစ်ဆေးမှုပြုလုပ်ရန် ၁၄ ရက်ကြာ ဖမ်းဆီးချုပ်နှောင်ထားမှာ ဖြစ်ပါတယ်။ အူတာပရာဒက်ရှ်ပြည်နယ်မှာ ဆန္ဒပြနေတဲ့ လယ်သမားအုပ်စုအတွင်းသို့ ၎င်းရဲ့ဖခင် အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာန အငယ်တန်းဝန်ကြီး Ajay Mishra နဲ့ ဆက်စပ်နေတဲ့ ကားတစ်စီးက ဝင်တိုက်ခဲ့မှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ပါတယ်။
ဆန္ဒပြလူအုပ်အတွင်းကို ကားနဲ့ဝင်တိုက်မှုကို Ashish Mishra က နောက်ကွယ်မှ ကြိုးကိုင်စီစဥ်ခဲ့တယ်လို့ လယ်သမားတွေက စွပ်စွဲထားကြပါတယ်။ ၎င်းကတော့ ထိုစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ ကားနဲ့ဝင်တိုက်မှုဖြစ်ပြီးနောက် ဒေါသထွက်နေတဲ့ လူအုပ်စုက ယာဥ်မောင်းအပါအဝင် ကားပေါ်မှာ လိုက်ပါလာသူ အမျိုးသား ၃ ဦးကို ဝိုင်းဝန်းရိုက်နှက်ခဲ့ကြရာ သေဆုံးသွားခဲ့ပါတယ်။
(ပြည်ထောင်စုဝန်ကြီးရဲ့သား Ashish Mishra) (Photo: ANI)
ကားပေါ်မှ သေဆုံးသူတွေအနက် ၂ ဦးဟာ BJP ပါတီဝန်ထမ်းများ ဖြစ်တယ်လို့ဆိုပါတယ်။ ထိုဖြစ်ရပ်အတွင်း ဂျာနယ်လစ်တစ်ဦးလည်း သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၈ ဦးရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အငယ်တန်း ပြည်ထဲရေးဝန်ကြီးရဲ့သား Ashish Mishra ကို ၁၂ နာရီကျော်ကြာ စစ်ဆေးမေးမြန်းနေခဲ့ပြီးနောက် စနေနေ့ (အောက်တိုဘာ ၉ ရက်) နှောင်းပိုင်းမှာ ဖမ်းဆီးခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ၎င်းကို စစ်ဆေးမေးမြန်းရန် သောကြာနေ့ (အောက်တိုဘာ ၈ ရက်) မှာ ရဲစခန်းကို လာရောက်ရန် ပြောခဲ့ပေမဲ့ ရောက်မလာခဲ့ဘူးလို့ ဆိုပါတယ်။ "ကျွန်တော်တို့ Ashish Mishra ကို ဖမ်းဆီးထားပါတယ်၊ သူက စုံစမ်းစစ်ဆေးရေးမှာ ပူးပေါင်းခဲ့ခြင်း မရှိပါဘူး" လို့ လက်ထောက် စုံစမ်းစစ်ဆေးရေးမှူးချုပ် Upendra Agarwal က Reuters သတင်းဌာနကို ပြောပါတယ်။
(ဆန္ဒပြလယ်သမားတွေကို ဝင်တိုက်ခဲ့သည့်ကား) (Photo: Getty Images)
တရားရုံးချုပ်က အူတာပရာဒက်ရှ်ပြည်နယ်အစိုးရကို စုံစမ်းစစ်ဆေးမှု အစီရင်ခံစာတင်ရန် ညွှန်ကြားခဲ့ပြီးနောက် ကြာသပတေးနေ့ (အောက်တိုဘာ ၇ ရက်) မှာ အခြား အမျိုးသား ၂ ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ပြည်နယ်အစိုးရတာဝန်ရှိသူတွေက ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမယ့် ကော်မရှင်တစ်ရပ်ဖွဲ့စည်းခဲ့ပြီး အငြိမ်းစားတရားသူကြီးတစ်ဦးကို ဦးဆောင်စေခဲ့ပါတယ်။
သို့သော် တရားရုံးချုပ်က ပြည်နယ်အစိုးရရဲ့ ဆောင်ရွက်နေမှုတွေအပေါ် ကျေနပ်မှုမရှိကြောင်းနဲ့ လူသတ်မှုကဲ့သို့ ကြီးလေးတဲ့ပြစ်မှုအတွက် စွပ်စွဲခံထားရတဲ့ ဝန်ကြီးရဲ့သားဟာ မည်သည့်အတွက် မဖမ်းဆီးတာလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်နယ်အစိုးရက ဖွဲ့စည်းလိုက်တဲ့ အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ကိုလည်း တရားရုံးချုပ်က သဘောမတူခဲ့ဘဲ ကော်မရှင်မှာပါဝင်သူတွေ အားလုံးဟာ ပြည်နယ်တာဝန်ရှိသူတွေ ဖြစ်နေကြောင်း ပြောဆိုခဲ့ပါတယ်။
(အငယ်တန်း ပြည်ထဲရေးဝန်ကြီး Ajay Mishra) (Photo: Getty Images)
အူတာပရာဒက်ရှ်ပြည်နယ် Lakhimpur ခရိုင်မှာ အောက်တိုဘာ ၃ ရက်နေ့က လယ်သမားများ စုရုံးဆန္ဒပြနေစဥ် ကားနဲ့ဝင်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ ထိုဖြစ်ရပ်ကြောင့် စိုက်ပျိုရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို အာဏာရ BJP (Bharatiya Janata Party) ပါတီ အစိုးရက လွှတ်တော်မှာ ထိထိရောက်ရောက် ဆွေးနွေးမှုမရှိဘဲ ပြီးခဲ့တဲ့နှစ်အတွင်း အတည်ပြုလိုက်ခြင်းကို ကန့်ကွက်ဆန္ဒပြနေတဲ့ လယ်သမားတွေရဲ့ ၁၀ လကြာ ဆန္ဒပြမှုများ သိသာစွာ အရှိန်မြင့်လာခဲ့ပါတယ်။ ထောင်သောင်းချီတဲ့ လယ်သမားတွေဟာ ယမန်နှစ် နိုဝင်ဘာလကတည်းက ဒေလီမြို့စွန်မှာ သပိတ်စခန်းဖွင့် အထိုင်ချကာ BJP အစိုးရက အတည်ပြုခဲ့တဲ့ ဥပဒေတွေကို ဖျက်သိမ်းရမယ်လို့ တောင်းဆိုနေခဲ့ကြလည်း ဖြစ်ပါတယ်။