အိန္ဒိယနိုင်ငံမှာ နေ့စဥ် COVID-19 အတည်ပြုလူနာအသစ် တွေ့ရှိရမှု အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရှိရပါတယ်။
(Photo: Getty Images)
ယနေ့ (မေ ၅ ရက်) ထုတ်ပြန်မှုအရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အိန္ဒိယမှာ COVID-19 ကူးစက်ခံရသူ နောက်ထပ် ၃,၉၀၀ တိုးလာခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၄၆,၄၃၃ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ သေဆုံးသူဦးရေကတော့ ၁၉၅ ဦး တိုးလာခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယမှာ စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့မှုနဲ့အတူ နေ့စဥ် ကူးစက်ခံရသူ အသစ်တွေ့ရှိရမှုလည်း မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။
တနင်္ဂလာနေ့ (မေ ၄ ရက်) က အိန္ဒိယမှာ လူဦရေ ၈၀,၀၀၀ ရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။ မတ်လ ၂၄ ရက်နေ့က စတင်ခဲ့တဲ့ lockdown အစီအမံများ နိုင်ငံရဲ့ နေရာအချို့မှာ စတင်ဖြေလျှော့မှု လုပ်ဆောင်လာစဥ် နေ့စဥ် ကူးစက်ခံရမှုနှုန်း မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။
(Photo: PTI)
အိန္ဒိယမှာ သီးသန့်အရောင်းဆိုင်များ ပြန်ဖွင့်ခွင့်ပြုခြင်း၊ လုပ်ငန်းခွင်တွေမှာ ဝန်ထမ်းအရေအတွက်လျှော့ချပြီး အလုပ်ပြန်လုပ်ခွင့်ပြုခြင်းနဲ့ နေရာအချို့မှာ ပုဂ္ဂိလိကပိုင် မော်တော်ယာဥ်များ ပြန်လည်ပြေးဆွဲခွင့်ပြုခြင်းကဲ့သို့ lockdown ဖြေလျှော့မှုတွေ လုပ်ဆောင်လာပါတယ်။
အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တွေကိုတော့ ပိတ်ပင်ထားဆဲဖြစ်ပါတယ်။ ကမ္ဘာ့ဒုတိယမြောက် လူဦးရေအများဆုံးဖြစ်တဲ့ အိန္ဒိယမှာ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဥ်ပါက ကူးစက်မှုအရေအတွက် နည်းနေသေးပြီး အစိုးရရဲ့ lockdown အစီအမံ အောင်မြင်ခဲ့ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
(Photo: Parveen Kumar/Hindustan Times)
သို့သော် ကျွမ်းကျင်သူတွေကတော့ ပိတ်ပင်ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခြင်းက lockdown ကာလအတွင်း အခြေအနေတိုးတက်မှု အများအပြား သို့မဟုတ် အားလုံးကို ဆုံးရှုံးရနိုင်ကြောင်း သတိပေးခဲ့ပါတယ်။ အိန္ဒိယမှာ ယနေ့ညပိုင်းအထိ COVID-19 ကြောင့် သေဆုံးသူ ၁,၅၇၁ ဦးနဲ့ ပြန်လည်သက်သာသူ ၁၂,၈၄၉ ဦးရှိခဲ့ပါတယ်။