အိန္ဒိယနိုင်ငံမှာ ကူးစက်ခံရသူ စုစုပေါင်း ၄.၄ သန်း ကျော်လွန်ပြီ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (စက်တင်ဘာ ၁၀ ရက်) ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ COVID-19 ကူးစက်မှုအသစ်နဲ့ သေဆုံးမှုတွေ စံချိန်တင်အရေအတွက် မြင့်တက်ခဲ့ပြီး ကူးစက်ခံရသူ စုစုပေါင်း ၄.၄ သန်း ကျော်လွန်လာခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

အိန္ဒိယမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၉၅,၇၃၅ ဦး တိုးလာခဲ့ပြီး နေ့အလိုက် ကူးစက်မှု ကမ္ဘာ့အမြင့်ဆုံး စံချိန်သစ်ထပ်တင်ခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်မှာ ၁,၁၇၂ ဦး တိုးလာခဲ့ပြီး အိန္ဒိယမှာ တစ်လကျော်အတွင်း တစ်ရက်တည်းမှာ သေဆုံးမှုအများဆုံး ဖြစ်လာပါတယ်။



လက်ရှိအချိန် အိန္ဒိယမှာ COVID-19 ကြောင့် သေဆုံးသူ စုစုပေါင်း ၇၅,၀၀၀ နီးပါးရှိလာခဲ့ပါတယ်။ လတ်တလော သီတင်းပတ်များအတွင်း အိန္ဒိယမှာ ကူးစက်မှုတွေဟာ တစ်ကမ္ဘာလုံးမှာထက် ပိုမိုလျင်မြန်စွာ ဖြစ်ပွားနေခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်း ကူးစက်ခံရသူ ၆.၅ သန်းကျော်ရှိပြီး ကူးစက်မှုအများဆုံးဖြစ်တဲ့ အမေရိကန်ထက်ပင် အိန္ဒိယမှာ COVID-19 ကူးစက်မှုတွေ ပိုမိုလျင်မြန်စွာ ဖြစ်ပွားနေခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

အိန္ဒိယဟာ စက်တင်ဘာ ၇ ရက်နေ့မှာ ဘရာဇီးကိုကျော်လွန်ပြီး တစ်ကမ္ဘာလုံးမှာ အမေရိကန်ပြီးလျှင် ကူးစက်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်လာခဲ့ပါတယ်။ လတ်တလော သီတင်းပတ်များအတွင်း အိန္ဒိယမှာ နေ့စဥ် ကူးစက်မှုအသစ်များ တွေ့ရှိရမှုဟာ အခြား နိုင်ငံအားလုံးထက် ပိုများနေခဲ့ပါတယ်။ ထို့အတူ COVID-19 ကြောင့် သေဆုံးမှုဟာလည်း အခြားနိုင်ငံအားလုံးထက် ပိုများနေပြီး ပျမ်းမျှအားဖြင့် ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း တစ်ရက်လျှင် လူ ၁,၀၀၀ ကျော် သေဆုံးနေကြောင်း သိရပါတယ်။

ယခုအခါ COVID-19 ကပ်ရောဂါရဲ့ ဗဟိုချက်နေရာဟာ အိန္ဒိယဖြစ်လာပြီး နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားမှုဟာလည်း အထွတ်အထိပ်ကို မရောက်သေးဘူးလို့ ဆိုပါတယ်။ လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယမှာ မတ်လအတွင်း တစ်နိုင်ငံလုံးကို lockdown သတ်မှတ်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ ကူးစက်မှုတွေ မြင့်တက်ပေမဲ့လည်း ဖြေလျှော့ပေးနေခဲ့ပါတယ်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) မှာတော့ Lockown ကာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယမှာ ဘားဆိုင်တွေ ပြန်ဖွင့်ခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က