အိန္ဒိယမှာ ယနေ့ (ဩဂုတ် ၂၉ ရက်) ထုတ်ပြန်မှုအရ နေ့အလိုက် COVID-19 အတည်ပြုလူနာသစ် ၇၆,၄၇၂ ဦး တိုးလာခဲ့ကြောင်း သိရပါတယ်။
(Photo: ANI)
တစ်ကမ္ဘာလုံးမှာ အမေရိကန်နဲ့ ဘရာဇီးပြီးလျှင် အိန္ဒိယက တတိယ ကူးစက်မှုအများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၃.၄၆ သန်းကျော်ရှိခဲ့ပါတယ်။ သို့သော် အိန္ဒိယဟာ နေ့အလိုက် ကူးစက်မှုအသစ် တွေ့ရှိရမှုမှာတော့ အမေရိကန်နဲ့ ဘရာဇီးတို့ထက် ပိုမိုများပြားနေခဲ့တာ သီတင်းနှစ်ပတ်နီးပါးရှိပြီ ဖြစ်ပါတယ်။ ယနေ့ ထုတ်ပြန်မှုအရ အိန္ဒိယမှာ COVID-19 ကြောင့် သေဆုံးသူဟာလည်း နောက်ထပ် ၁,၀၂၁ ဦး တိုးလာခဲ့ပြီး စုစုပေါင်း သေဆုံးသူဦးရေ ၆၂,၅၅၀ ဦးရှိလာခဲ့ပါတယ်။
အိန္ဒိယမှာ နေ့အလိုက် ကူးစက်မှုတွေဟာ ဩဂုတ် ၇ ရက်နောက်ပိုင်း ကမ္ဘာတစ်ဝန်း အမြင့်ဆုံးဖြစ်လာကြောင်း Reuters သတင်းဌာနရဲ့ စာရင်းအရ သိရှိရပါတယ်။ မွမ်ဘိုင်းနဲ့ နယူးဒေလီ မြို့တွေမှာ COVID-19 ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေခဲ့ပါတယ်။ လူဦးရေ ၁.၃ ဘီလီယံကျော်ရှိတဲ့ အိန္ဒိယဟာ အာရှဒေသတွင်း ကူးစက်မှုအဆိုးဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။
(Photo: Bloomberg)
အိန္ဒိယမှာ ကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်နေပေမဲ့ နိုင်ငံတစ်ဝန်း ခရီးသွားလာမှု ကန့်သတ်ချက်အချို့ကို လာမယ့် သီတင်းပတ်မှစပြီး ဖြေလျှော့ပေးသွားမယ်လို့ ဒေသခံမီဒီယာက ဖော်ပြပါတယ်။ COVID-19 ကပ်ရောဂါဟာ ဆက်လက် ကျယ်ပြန့်ဖြစ်ပွားနေဆဲ ဖြစ်ပေမဲ့ အရှေ့တောင်အာရှနဲ့ မြေထဲပင်လယ်အရှေ့ပိုင်း နေရာဒေသများကလွဲပြီး ကမ္ဘာတစ်ဝန်း ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း နှေးကွေးသွားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဩဂုတ် ၂၄ ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။