ပျောက်ဆုံးနေသူ အများအပြားရှိနေရာ သေဆုံးသူဦးရေ မြင့်တက်လာနိုင်ပါတယ်

အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေလျှံမှုတွေကနေ ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမှုများအတွင်း လူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး မြို့တွေနဲ့ ကျေးရွာတွေ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ကြောင်း ယနေ့ (အောက်တိုဘာ ၁၈ ရက်) မနက်ပိုင်းအထိ သတင်းတွေအရ သိရပါတယ်။

(Photo: PTI)

သေဆုံးခဲ့သူတွေအနက် ကလေးငယ် ၅ ဦးလည်းပါဝင်ပြီး အခြား ပျောက်ဆုံးနေသူ အများအပြားရှိနေရာ သေဆုံးသူဦးရေ မြင့်တက်လာနိုင်ပါတယ်။ ကီရာလာပြည်နယ်ရှိ Kottayam ခရိုင်မှာ နေအိမ်များ ရေထဲမျောပါသွားခဲ့ပြီး ရေကြီးမှုတွေအတွင်း ပိတ်မိနေသူတွေရှိခဲ့ပါတယ်။ ထိုဒေသမှ ဗီဒီယိုမှတ်တမ်းအရ ရေနစ်မြုပ်နေတဲ့ ဘတ်စ်ကားတစ်စီးထဲမှ ခရီးသည်တွေကို ကယ်ထုတ်ခဲ့တာ တွေ့ရပါတယ်။



ကီရာလာပြည်နယ်မှာ ရက်နဲ့ချီကြာ မိုးသည်းထန်မှုကြောင့် မြေပြိုမှုတွေလည်း ဖြစ်ပေါ်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အိန္ဒိယစစ်တပ်က ပါဝင်လုပ်ဆောင်နေပါတယ်။ မြေပြိုမှုကြောင့် အပျက်အစီးများအောက်မှာ ပိတ်မိနေသူတွေရှိတဲ့ ဒေသများသို့ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ ကယ်ဆယ်ရေးသမားတွေကို ရဟတ်ယာဥ်များဖြင့် ပို့ဆောင်ခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

(Photo: BBC)

Kottayam ခရိုင်မှာ နေအိမ်တစ်လုံး ရေကြီးမှုအတွင်း မျောပါသွားခဲ့ရာ အသက် ၇၅ နှစ်အရွယ် အဘွားဖြစ်သူနဲ့ ကလေးငယ် ၃ ဦး သေဆုံးခဲ့ကြောင်း PTI သတင်းဌာနက ဖော်ပြပါတယ်။ နောက်ထပ် အသက် ၈ နှစ်၊ ၇ နှစ်နဲ့ ၄ နှစ်အရွယ် ကလေး ၃ ဦးရဲ့ အလောင်းတွေကိုလည်း Idukki ခရိုင်မှာ အပျက်အစီးများအောက်ကနေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိုခရိုင်မှာ အခြား ပျောက်ဆုံးနေသူ ၅ ဦးထက်မနည်းကို ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း PTI က ပြောပါတယ်။ ရေကြီးမှုအတွင်း Kollam နဲ့ အခြား ကမ်းရိုးတန်းမြို့တွေမှာ ပိတ်မိနေသူတွေကို ငါးဖမ်းစက်လှေများဖြင့် ရွှေ့ပြောင်းပေးနေကြောင်း သိရပါတယ်။ ရေကြီးမှုများအတွင်း လူဦးရေ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေရာ ၎င်းတို့ သေဆုံးနိုင်ဖွယ်ရှိပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Share

Loading Next Article...
က္က