နေ့အပူချိန် ၉.၄ ဒီဂရီဆဲလ်စီးယပ်အထိ ကျဆင်းခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ ပြင်းထန်တဲ့ အအေးလှိုင်းဖြတ်သန်းနေမှုနဲ့အတူ နယူးဒေလီမြို့တော်မှာ ရာစုနှစ်တစ်ခုကျော်အတွင်း စံချိန်တင် အအေးဆုံးနေ့ ကြုံတွေ့ခဲ့ရပါတယ်။

(Photo: AP)

တနင်္လာနေ့ (ဒီဇင်ဘာ ၃၀ ရက်) က နယူးဒေလီမှာ မြူများထူထပ်စွာကျဆင်းပြီး နေ့အပူချိန် ၉.၄ ဒီဂရီဆဲလ်စီးယပ်အထိ ကျဆင်းခဲ့ကာ လေထုညစ်ညမ်းမှုလည်း မြင့်တက်နေခဲ့ပါတယ်။ နယူးဒေလီမြို့ရဲ့ အပူချိန်ကို ၁၉၀၁ ခုနှစ်ကတည်းက စတင်မှတ်တမ်းတင်ခဲ့ရာ ယခင် စံချိန်တင် အပူချိန်ကျဆင်းမှုအဖြစ် ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့ မှာ ၉.၈ ဒီဂရီဆဲလ်စီးယပ် ဖြစ်ခဲ့ဖူးကြောင်း သိရပါတယ်။



ဒီဇင်ဘာ ၃၀ ရက်နေ့မှာတော့ နယူးဒေလီရဲ့ အပူချိန်ဟာ ၉.၄ ဒီဂရီဆဲလ်စီးယပ်အထိ ကျဆင်းသွားခဲ့ပြီး အနိမ့်ဆုံးအပူချိန် စံချိန်သစ်တင်ကာ နှစ်ပေါင်း ၁၁၉ နှစ်အတွင်း အအေးဆုံးနေ့အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အအေးလှိုင်းဖြတ်နေတဲ့ အိန္ဒိယမြောက်ပိုင်း ဒေသအများအပြားမှာ အပူချိန်ဟာ ပုံမှန်ထက် ၁၀ ဒီဂရီဆဲလ်စီးယပ် ကျဆင်းနေခဲ့ပါတယ်။

(Photo: Getty Images)

နယူးဒေလီမှာ ညအိပ်ရန် ယာယီခိုလှုံရေးစခန်း ၂၀၀ နီးပါး စီစဥ်ဖွင့်လှစ်ပေးထားရာ အိမ်ခြေရာမဲ့များဖြင့် ပြည့်နှက်နေခဲ့ကြောင်းလည်း သိရပါတယ်။ ဥရောပနဲ့ အမေရိကန် မြို့များကဲ့သို့ မဟုတ်ဘဲ အိန္ဒိယရဲ့ အအေးဆုံးမြိုအချို့ရှိ အဆောက်အအုံတွေမှာ အေးခဲတဲ့ ဆောင်းရာသီအတွက် ဗဟိုအပူပေးစနစ် တပ်ဆင်ထားခြင်းမရှိပါဘူး။

အိန္ဒိယမှာ ဆောင်းရာသီမတိုင်မီ အရောင်းဆိုင်တွေက နေအိမ်တစ်အိမ်သုံး အပူပေးစက်များကို ဈေးလျှော့ရောင်းချပေးပြီး ဝယ်ယူမှုနှုန်းမြင့်တက်လေ့ရှိပါတယ်။ သို့သော် အိန္ဒိယဆင်းရဲသား သန်းပေါင်းများစွာကတော့ နေအိမ်မှာ အပူပေးစက်ဝယ်ယူတပ်ဆင်ရန် မတတ်နိုင်ကြဘဲ နွေးနွေးထွေးထွေးရှိရန်အတွက် ရေနွေးပုလင်းများနဲ့ ထူထပ်တဲ့စောင်များကိုသာ အားကိုးနေကြရပါတယ်။

(Photo: Sanjeev Verma/Hindustan Times via Getty Images)

ရာသီဥတု အလွန်အေးနေပြီး မြူများထူထပ်နေကာ မြင်ကွင်းမရှင်းမှုကြောင့် ဒီဇင်ဘာ ၃၀ ရက်နေ့က နယူးဒေလီ ဆိုက်ရောက်နဲ့ထွက်ခွာ ရထားခရီးစဥ် ၃၀ နဲ့ လေယာဥ်ခရီးစဥ် ၄၅၀ ကျော်ကို ရွှေ့ဆိုင်းခဲ့ရပြီး အားလပ်ရက် ခရီးသွားများ အခက်ကြုံခဲ့ရပါတယ်။ လေယာဥ်ခရီးစဥ်အချို့ကိုတော့ ရာသီဥတုအခြေအနေကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။ နယူးဒေလီမှာ လေထုအရည်အသွေးအညွှန်းကိန်း (Air Quality Index - AQI) ဟာ ၄၅၀ ကျော်လွန်နေခဲ့ပြီး ကျန်းမာရေးအန္တရာယ်ရှိတဲ့ အခြေအနေဖြစ်နေပါတယ်။

(Photo: Getty Images)

မိုးလေဝသဌာနမှ တာဝန်ရှိသူတွေက နယူးဒေလီမှာ ယခုရက်ပိုင်းအတွင်း ဆက်လက် အေးနေနိုင်ကြောင်း သို့သော် ယခင်ရက်များထက် အအေးလျော့လာမယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယမြောက်ပိုင်းပြည်နယ်တွေဖြစ်တဲ့ အူတာပရာဒက်ရှ်၊ ဟာယန်နာနဲ့ ပန်ဂျပ်တို့မှာလည်း အအေးလှိုင်းဖြတ်နေပြီး နေရာအများအပြားမှာ ဒီဇင်ဘာ ၃၀ ရက်က နေ့အပူချိန်များ ၁၀ ဒီဂရီဆဲလ်စီးယပ်အောက်သို့ ကျဆင်းခဲ့ကြောင်း သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က