နယူးဒေလီဟာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့များစာရင်းမှာ ထိပ်ပိုင်းကနေ ပါဝင်ပါတယ်

အိန္ဒိယနိုင်ငံရဲ့မြို့တော် နယူးဒေလီမြို့မှာ အိမ်တွင်း လေထုညစ်ညမ်းမှုဟာ သတိထားစရာ အခြေအနေအဖြစ် မြင့်တက်နေကြောင်း လေ့လာမှုအသစ်က တွေ့ရှိခဲ့ပါတယ်။

(Photo: Getty Images)

သုတေသနပြု လေ့လာမှုအရ နယူးဒေလီမြို့ရှိ နေအိမ်များအတွင်း အဆုတ်ထိခိုက်စေတဲ့ အမှုန်အမွှားငယ်များ လေထုထဲမှာပါဝင်မှု PM2.5 အဆင့်ဟာ အပြင်ဘက် အနီးဆုံးနေရာရှိ လေထုညစ်ညမ်းမှု စောင့်ကြည့်ကိရိယာတွေမှာ တွေ့ရှိရမှုထက် သိသိသာသာ မြင့်မားနေကြောင်း သိရပါတယ်။ အိမ်များအတွင်း ထိုကဲသို့ လေထုညစ်ညမ်းမှုဖြစ်နေပေမဲ့ အိမ်ထောင်စုအများစုဟာ ကာကွယ်ရေးနည်းလမ်းများကို ဆောင်ရွက်လိုခြင်း မရှိကြဘူးလို့လည်း လေ့လာမှုအစီရင်ခံစာက ပြောပါတယ်။



နယူးဒေလီမှာ အဓိက တူညီတဲ့အချက်ကတော့ ချမ်းသာသူဖြစ်စေ ဆင်းရဲသူဖြစ်စေ သန့်ရှင်းတဲ့လေကို မရှူကြရပါဘူး

နယူးဒေလီဟာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့များစာရင်းမှာ ထိပ်ပိုင်းကနေ ပါဝင်ပါတယ်။ Energy Policy Institute at the University of Chicago (EPIC) က ၂၀၁၈ နဲ့ ၂၀၂၀ ခုနှစ်အတွင်း နယူးဒေလီမြို့ရှိ ထောင်နဲ့ချီတဲ့ အိမ်ထောင်စုတွေကို စစ်တမ်းကောက်ပြီး သုတေသနပြု လေ့လာခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Getty Images)

ထိုသို့လေ့လာရာမှာ ဝင်ငွေမြင့်မားတဲ့ အိမ်ထောင်စုတွေက ဝင်ငွေနိမ့်ပါးတဲ့ အိမ်ထောင်စုတွေထက် လေသန့်စင်စက် ဝယ်ယူရန်ဆန္ဒရှိမှု ၁၃ ဆ ပိုများတယ်လို့ သိရပါတယ်။ ချမ်းသာကြွယ်ဝသူတွေရဲ့ နေအိမ်များအတွင်း လေထုညစ်ညမ်းမှုဟာ မပြည့်စုံတဲ့အခြေအနေမှာ နေထိုင်ရသူတွေထက် ၁၀ ရာခိုင်နှုန်းမျှသာ လျော့နည်းတယ်လို့လည်း ဆိုပါတယ်။

"နယူးဒေလီမှာ အဓိက တူညီတဲ့အချက်ကတော့ ချမ်းသာသူဖြစ်စေ ဆင်းရဲသူဖြစ်စေ သန့်ရှင်းတဲ့လေကို မရှူကြရပါဘူး" လို့ လေ့လာမှုအစီရင်ခံစာကို ဦးဆောင်ရေးသားခဲ့သူ ဒေါက်တာ Kenneth Lee က ပြောပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ခန့်မှန်းထားမှုအရ ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၇ သန်းခန့်ဟာ လေထုညစ်ညမ်းမှုနဲ့ ဆက်နွယ်နေတဲ့ ရောဂါတွေကြောင့် အရွယ်မတိုင်မီ နှစ်စဥ် သေဆုံးနေကြကြောင်း သိရပါတယ်။

(Photo: Getty Images)

ကျွမ်းကျင်သူတွေရဲ့ ပြောကြားမှုအရ လူတွေ ထိတွေ့နေရတဲ့ လေထုညစ်ညမ်းမှုဟာ အမှန်တစ်ကယ်အားဖြင့် အိမ်တွင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အိမ်များအတွင်း လေထုညစ်ညမ်းမှုအဆင့်ဟာ ပြင်ပမှာထက် ၂ ဆမှ ၅ ဆ ပိုမြင့်နိုင်ကြောင်း Environmental Protection Agency (EPA) က ပြောပါတယ်။

ယခုအခြေအနေဟာ ကမ္ဘာ့အညစ်ညမ်းဆုံး လေထုရှိနေတဲ့ အိန္ဒိယအတွက် အထူးစိုးရိမ်စရာ အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၃၀ အနက် ၂၂ မြို့ဟာ အိန္ဒိယနိုင်ငံမှဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယရဲ့ အဆိပ်သင့် ညစ်ညမ်းလေထုကြောင့် နှစ်စဥ် လူ ၁ သန်း‌ကျော် သေဆုံးနေကြတယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။ 

Share

Loading Next Article...
က္က