အိန္ဒိယတောင်ပိုင်းနဲ့ သီရိလင်္ကာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုပြီး ရေကြီးမြေပြိုမှုတွေကြောင့် အနည်းဆုံး လူ ၄၁ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ယနေ့ (နိုဝင်ဘာ ၁၁ ရက်) ပြောပါတယ်။
လာမယ့်ရက်အနည်းငယ်အတွင်းမှာတော့ ထိုဒေသတွင်း မိုးရွာသွန်းမှု လျော့နည်းသွားမယ်လို့ မိုးလေဝသခန့်မှန်းသူတွေက ခန့်မှန်းထားရာ ရေကြီးမှုတွေလည်း လျော့ကျသွားမယ်လို့ မျှော်လင့်ရပါတယ်။ အိန္ဒိယမိုးလေဝသဌာနက ခန့်မှန်းချက်အရ မိုးသည်းထန်ခဲ့တဲ့ နေရာအများစုမှာ မိုးအသင့်အတင့် ရွာသွန်းနိုင်ကြောင်း၊ မြေနိမ့်ဒေသတွေနဲ့ လမ်းမအချို့မှ ရေကြီးမှုဖြစ်ပေါ်နိုင်ကြောင်း သိရပါတယ်။
(ချင်နိုင်းမြို့မှ ရေကြီးနေသည့် ကမ်းခြေနေရာတစ်ခု) (Photo: Reuters)
အိန္ဒိယနဲ့အိမ်နီးချင်း သီရိလင်္ကာကတော့ ရာသီဥတုဆိုးရွားစေခဲ့တဲ့ လေဖိအားနည်းရပ်ဝန်း ရွေ့လျားသွားပြီဖြစ်တာကြောင့် မိုးရွာသွန်းမှုများ ယနေ့မှစပြီး လျော့နည်းသွားမယ်လို့ ခန့်မှန်းထားကြောင်း ထုတ်ပြန်ပါတယ်။ "အဆိုးဆုံးအခြေအနေ ပြီးသွားပါပြီ၊ ရံဖန်ရံခါ မိုးရွာပါလိမ့်မယ်၊ ဒီနေ့ မိုးက ရွာလိုက် တိတ်လိုက်ပါ၊ မိုးရွာတာ အများကြီးနည်းသွားပြီး စိုးရိမ်စရာမရှိပါဘူး" လို့ မိုးသည်းထန် ရေကြီးမှုတွေ အဆိုးဆုံးကြုံခဲ့ရတဲ့ အိန္ဒိယရဲ့ တမီလ်နာဒူပြည်နယ်မှာ လူအများ ယုံကြည်အားထားကြတဲ့ မိုးလေဝသခန့်မှန်းသူ Pradeep John က ပြောပါတယ်။
မိုးသည်းထန်မှုတွေကြောင့် သီရိလင်္ကာမှာ လူ ၂၅ ဦး သေဆုံးခဲ့ကြောင်းနဲ့ အများစုဟာ ရေနစ်သေဆုံးခဲ့ပြီး မြေပြိုမှုများအတွင်း ၅ ဦး သေဆုံးခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။ အိန္ဒိယ တမီလ်နာဒူပြည်နယ်မှာတော့ မိုးသည်းထန်ပြီး ရာသီဥတုဆိုးရွားမှုအတွင်း လူ ၁၆ ဦး သေဆုံးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ ပြည်နယ်ဝန်ကြီး KKSSR Ramachandran က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
(သီရိလင်္ကာမှာ ရေကြီးနေသည့် နေရာတစ်ခု) (Photo: EPA-EFE)
အိန္ဒိယရဲ့ ကုန်ထုတ်လုပ်ရေး ဗဟိုချက်နေရာလည်းဖြစ်တဲ့ တမီလ်နာဒူပြည်နယ်မြို့တော် ချင်နိုင်းမြို့ရဲ့ နေရာအများအပြားမှာ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အစိုးရတာဝန်ရှိသူတွေက ရေစုပ်စက်တွေသုံးပြီး ရေလျော့ကျစေရန် လုပ်ဆောင်ခဲ့ပါတယ်။ ချင်နိုင်းမြို့ရဲ့ နေရာအချို့မှာ ခါးအထိနက်တဲ့ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
ရေကြီးမှုအန္တရာယ်ကြောင့် အနိမ့်ပိုင်းနေရာတွေမှာ နေထိုင်သူတွေကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ တမီလ်နာဒူပြည်နယ်မှာ ကျောင်းအများအပြားကို ပိတ်ထားဆဲဖြစ်ပြီး ရထားခရီးစဥ်အချို့လည်း ရပ်ဆိုင်းထားဆဲလို့ ဆိုပါတယ်။ အိန္ဒိယအရှေ့မြောက်ပိုင်း မုတ်သုန်ရာသီဟာ ပုံမှန်အားဖြင့် အောက်တိုဘာမှ ဒီဇင်ဘာအထိဖြစ်ပြီး မိုးသည်းထန်မှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။