ဒေလီမြို့ရှိ Tihar အကျဥ်းထောင်မှာ ကြိုးပေးကွပ်မျက်လိုက်တာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ ၂၀၁၂ ခုနှစ်အတွင်း ဘတ်စ်ကားတစ်စီပေါ် အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုမှ တရားခံ အမျိုးသားလေးဦးကို ယနေ့ (မတ်လ ၂၀ ရက်) ကြိုးပေးကွပ်မျက်လိုက်ပြီ ဖြစ်ပါတယ်။

(Tihar အကျဥ်းထောင်ရှေ့မြင်ကွင်း) (Photo: AFP)

အက်ခ်ရှေသာကူးရ် (Akshay Thakur)၊ ဗီနေးရှာမာ (Vinay Sharma) ၊ ပါဝမ်ဂူပ်တာ (Pawan Gupta) နဲ့ မူကတ်ရှ်ဆင်း (Mukesh Singh) တို့ လေးဦးကို ၂၀၁၃ ခုနှစ်မှာ သေဒဏ်ချမှတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။ ၎င်းတို့လေးဦးကို အိန္ဒိယမြို့တော် ဒေလီမြို့ရှိ Tihar အကျဥ်းထောင်မှာ ယနေ့ အာရုဏ်တက်ချိန် မတိုင်မီ ကြိုးပေးကွပ်မျက်လိုက်ကြောင်း ထောင်မှူး Sandeep Goel က AFP သတင်းဌာနကို ပြောပါတယ်။



ယခု ကြိုးပေးကွပ်မျက်မှုဟာ ဒေလီမှာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ "အကျဥ်းသား လေးဦးလုံးကို မနက် ၅ နာရီခွဲမှာ ကြိုးပေးကွပ်မျက်ခဲ့ပါတယ်" လို့ ၎င်းကဆိုပါတယ်။ ၂၀၁၂ ခုနှစ်က ဒေလီမြို့မှာပြေးဆွဲတဲ့ ဘတ်စ်ကားတစ်စီးပေါ်မှာ ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်သတ်ဖြတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုသတင်းဟာ အိန္ဒိယမှာသာမက ကမ္ဘာတစ်ဝှမ်းက ဒေါသထွက်စရာလည်း ဖြစ်ခဲ့ပါတယ်။

(ကြိုးပေးကွပ်မျက်လိုက်သည့် တရားခံလေးဦး) (Photo: Hindustan Times)

မောင်းနှင်သွားနေတဲ့ ဒေလီဘတ်စ်ကားပေါ်မှာ အုပ်စုဖွဲ့မုဒိမ်းကျင့် တိုက်ခိုက်ခံရတဲ့ ကျောင်းသူဟာ အခင်းဖြစ်ပြီးနောက် ၁၃ ရက်အကြာမှာ ရရှိထားခဲ့တဲ့ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပါတယ်။ ထိုအမှုနဲ့ပတ်သက်ပြီး မူလက လူခြောက်ဦးကို ဖမ်းဆီးစွဲချက်တင်ခဲ့ပေမဲ့ တစ်ဦးကိုတော့ လူငယ်ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့ပါတယ်။

ကျန်ရှိသူငါးဦးအနက်မှ နောက်တစ်ဦးက တရားရုံးကြားနာစစ်ဆေးမှု မတိုင်မီ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။ မူလက သေဒဏ်ချမှတ်ထားတဲ့ ကျန်ရှိ တရားခံလေးဦးကို ဇန်နဝါရီ ၂၂ ရက်မှာ ကွပ်မျက်ရန် အိန္ဒိယတရားရုံးက ဇန်နဝါရီ ၇ ရက်နေ့မှာ အမိန့်ချမှတ် ညွှန်ကြားထားခဲ့တာ ဖြစ်ပါတယ်။ သို့သော် ကွပ်မျက်မယ့်နေ့ရက်ကို ရွှေ့ဆိုင်းခဲ့ပြီးနောက် ယနေ့မှာ ကြိုးပေးကွပ်မျက်လိုက်ပါတယ်။

(အုပ်စုဖွဲ့မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့သည့် ဘတ်စ်ကား) (Photo: Strdel/AFP/Getty Images)

ဖြစ်စဥ်အကျဥ်း

၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့က အသက် ၂၃ နှစ်အရွယ် ဂျေရိုတီဆင်း အမည်ရှိ တက္ကသိုလ်ကျောင်းသူဟာ အမျိုးသားသူငယ်ချင်းတစ်ဦးနဲ့အတူ ရုပ်ရှင်သွားကြည့်ခဲ့ပြီးနောက် နေအိမ်ကိုပြန်စဥ် ဘတ်စ်ကားပေါ်မှာ ၎င်းတို့နှစ်ဦး အုပ်စုဖွဲ့တိုက်ခိုက်ခံခဲ့ရပါတယ်။ ထို့နောက် ဘတ်စ်ကားကို ဒေလီမြို့တစ်ဝိုက် မောင်းနှင်နေခဲ့ကာ သူမကို မုဒိမ်းကျင့်ပြီး အကြမ်းဖက် ထိုးကြိတ်ရိုက်နှက်ခဲ့ကြပါတယ်။

သူငယ်ချင်းဖြစ်သူ အမျိုးသားကိုလည်း ဝိုင်းဝန်းရိုက်နှက်ထိုးကြိတ်ခဲ့ကြပြီးနောက် ၎င်းတို့နှစ်ဦးလုံးကို လမ်းဘေးတစ်နေရာမှာ ပစ်ချထားခဲ့ပါတယ်။ အုပ်စုဖွဲ့မုဒိမ်းကျင့် တိုက်ခိုက်ခံရတဲ့ အမျိုးသမီးငယ်ကို စင်ကာပူနိုင်ငံရှိ ဆေးရုံတစ်ရုံသို့ လွှဲပြောင်းကုသခဲ့ပြီးနောက် သေဆုံးသွားခဲ့ပါတယ်။

(Photo: Chandan Khanna/AFP)

ထိုဖြစ်ရပ်အပေါ် အိန္ဒိယပြည်သူ ထောင်ပေါင်းများစွာက ဒေါသတကြီးဖြစ်ခဲ့ကြပြီး လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ အကြီးအကျယ် ပေါ်ပေါက်လာခဲ့ပြီး လိင်ပိုင်ဆိုင်ရာ ကျူးလွန်မှုအတွက် ဥပဒေအပြောင်းအလဲတွေလည်း ဖြစ်စေခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်း စိတ်ဝင်စားမှုများခဲ့တဲ့ အဆိုပါအမှုကို Netflix က Delhi Crime အမည်ဖြင့် အပိုင်း ၇ ပိုင်းပါ ရုပ်သံဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးထုတ်လွှင့်ခဲ့ပါတယ်။

Share

Loading Next Article...
က္က