ကမ္ဘ့အကြီးဆုံး ခရစ်ကတ်ကစားကွင်းကြီးထဲမှာ ကြိုဆိုပွဲပြုလုပ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံကို ပထမဆုံး တရားဝင် အလည်အပတ်ခရီးစဥ်အဖြစ် ရောက်ရှိလာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ကြိုဆိုပွဲသို့ လူဦးရေ ၁၀၀,၀၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

(Photo: AFP via Getty Images)

သမ္မတထရန့်နဲ့ သမ္မတကတော် မီလာနီယာတို့ကို ဂူဂျာရတ်ပြည်နယ် အာမက်ဒါဘက်ဒ်မြို့ရှိ Sardar Patel Stadium ခရစ်ကတ်ကစားကွင်းကြီးမှာ ဖေဖေါ်ဝါရီ ၂၄ ရက်နေ့က ကြိုဆိုပွဲပြုလုပ်ခဲ့ပါတယ်။ 'Namaste Trump' လို့ အမည်ပေးထားတဲ့ ထရန့်ကြိုဆိုပွဲကို ဝန်ကြီးချုပ်မိုဒီရဲ့ ဇာတိပြည်နယ် ဂူဂျာရတ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး Sardar Patel Stadium ဟာ ကမ္ဘာ့အကြီးဆုံး ခရစ်ကတ်ကစားကွင်းကြီးလည်း ဖြစ်ပါတယ်။



ထိုပွဲကို အိန္ဒိယဝန်ကြီးချုပ်မိုဒီက ထရန့်စုံတွဲနဲ့အတူ တက်ရောက်ခဲ့ပါတယ်။ ခရစ်ကတ်ကွင်းကြီးအတွင်း ကြီးမားတဲ့ လူအုပ်စုက ထရန့်ရဲ့ မဲဆွယ်စည်းရုံးရေးပွဲတွေမှာ အသုံးပြုလေ့ရှိတဲ့ သီချင်းနဲ့အတူ ကခုန်ကြိုဆိုခဲ့ကြပါတယ်။ ၎င်းတို့ဟာ ထရန့်နဲ့ မိုဒီတို့ရဲ့ မျက်နှာဖုံးတွေကိုလည်း တပ်ဆင်ထားခဲ့ကြတယ်လို့ AFP သတင်းက ဖော်ပြပါတယ်။

(Photo: AFP)

ကြိုဆိုပွဲမှာ အိန္ဒိယဝန်ကြီးချုပ်မိုဒီက ပထမဦးစွာ မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပြီး အမေရိကန်သမ္မတထရန့် မိန့်ခွန်းပြောကြားချိန်မှာတော့ နေပူပြင်းမှုနဲ့ လေငြိမ်နေတဲ့ ကစားကွင်းကြီးထဲကနေ တက်ရောက်လာသူတွေ ထောင်နဲ့ချီပြီး ထွက်ခွာသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

"ထရန့် မိန့်ခွန်းပြောနေတုန်းပဲ ကျွန်တော်တို့ ထွက်လာခ့ကြတယ်၊ အရမ်းပူတယ်ဗျ၊ ကျွန်တော်တို့အရှေ့ကနေလည်း လူတွေ ထွက်သွားခဲ့ကြတယ်လေ၊ ကျွန်တော်တို့ ထိုင်နေတဲ့နေရာကို နေရောင်က တိုက်ရိုက်ကျနေတာ" လို့ အသက် ၁၈ နှစ်အရွယ် အင်ဂျင်နီယာကျောင်းသား မန်နက်ဗ်ပက်တဲလ်က AFP ကို ပြောခဲ့ပါတယ်။

(Photo: AFP via Getty Images)

အိန္ဒိယသို့ ထရန့် မရောက်ရှိမီ နာရီပိုင်းအလိုမှာတော့ နယူးဒေလီမြို့မှာ နိုင်ငံသားဥပဒေအပေါ် ဆန္ဒပြရာမှာ ထိပ်တိုက်တွေ့ အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့သေးပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပါတယ်။ အမေရိကန်သမ္မတရဲ့ နှစ်ရက်ကြာ ခရီးစဥ်ကို အိန္ဒိယမှာ လက်ဝဲဝါဒီတွေက ကန့်ကွက်ဆန္ဒပြမှုတွေလည်း ရှိခဲ့ပါတယ်။

သမ္မတထရန့်နဲ့ သမ္မတကတော် မီလာနီယာတို့ဟာ ကြိုဆိုပွဲပြီးနောက် အိန္ဒိယနိုင်ငံရှိ ကမ္ဘာကျော် တာ့ဂျ်မဟာ ဂူဗိမာန်ကို သွားရောက်လည်ပတ်ခဲ့ကြပါတယ်။ အမေရိကန်သမ္မထရန့်ဟာ အိန္ဒိယသို့ ဖေဖေါ်ဝါရီ ၂၄၊ ၂၅ ရက် နှစ်ရက်ကြာ တရားဝင် အလည်အပတ်ခရီး လာရောက်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က