ကုမ္ပဏီသက်တမ်း ၃ နှစ်ကျော် အတွင်းမှာ realme ဟာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
၂၀၁၈ မေလက တည်ထောင်ခဲ့တဲ့ realme အမှတ်တံဆိပ်ဟာ ၂၀၂၁ စတုတ္ထသုံးလပတ် အိန္ဒိယစမတ်ဖုန်းဈေးကွက်မှာ ရောင်းအားအကောင်းဆုံး ထိပ်တန်းဖုန်းအမှတ်တံဆိပ် ၃ မျိုးစာရင်းဝင်ခဲ့တာပါ။ ဈေးကွက်သုတေသနကုမ္ပဏီ Canalys ရဲ့ အချက်အလက်တွေထဲမှာ realme ဟာ အိန္ဒိယဖုန်းဈေးကွက် ၂၀၂၁ Q4 မှာ တတိယဈေးကွက်အင်အားအကြီးဆုံးဖုန်းအမှတ်တံဆိပ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Photo: Android Authority
realme ဟာ စတုတ္ထသုံးလပတ် အိန္ဒိယဈေးကွက်အတွင်း စမတ်ဖုန်းတင်ပို့မှု ၇.၆ သန်း ရှိပြီး ဈေးကွက်ဝေစု ၁၇% ရခဲ့တယ်လို့ ဆိုပါတယ်။ နှစ်အလိုက် သုံးလပတ်ဈေးကွက်တိုးတက်မှုမှာ တခြားဖုန်းကုမ္ပဏီတွေ အရင်နှစ်ကထက် အကျဘက်ပြနေပေမယ့် realme ကတော့ ၄၉% နဲ့ အတက်ပြနေတယ်လို့လည်း Canalys အစီရင်ခံစာက ဖော်ပြပါတယ်။ ၂၀၂၁ စတုတ္ထသုံးလပတ်အတွက် realme ဟာ အိန္ဒိယထိပ်တန်းဖုန်းကုမ္ပဏီ ၅ ခုမှာ နှစ်အလိုက်ဈေးကွက်တိုးတက်မှုရှိတဲ့ တစ်ခုတည်းသော အမှတ်တံဆိပ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ စတုတ္ထသုံးလပတ်အတွင်းမှာ realme ဟာ အိန္ဒိယဈေးကွက်အတွင်း ဖုန်းအလုံးရေ ၅.၁ သန်း ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစု ၁၂% နဲ့ အိန္ဒိယထိပ်တန်းဖုန်း အမှတ်တံဆိပ် ၅ မျိုးမှာ ပဉ္စမနေရာက ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ ဈေးသက်သာတဲ့ ဖုန်းတွေ ကောင်းကောင်း Supply လုပ်နိုင်ပြီး ဈေးကွက်ထဲ ပစ္စည်းမပြတ်အောင် စီမံခန့်ခွဲမှု ကောင်းတာကြောင့်လည်း realme ဖုန်းရောင်းအားတွေ တက်လာခဲ့တာလို့ Canalys က သုံးသပ်ပါတယ်။
Photo; pocket-lint
Samsung နဲ့ realme တို့ဟာ ပစ္စည်း supply စီမံခန့်ခွဲရေးကို အထောက်အကူဖြစ်စေဖို့ chipset ပို စုံစုံလင်လင်နဲ့ ထုတ်နေတယ်လို့ ဆိုပါတယ်။ စတုတ္ထသုံးလပတ် အိန္ဒိယဖုန်းဈေးကွက်မှာ Xiaomi က ဈေးကွက်ဝေစု ၂၁% ၊ စမတ်ဖုန်းအလုံးရေ ၉.၃ သန်း ရောင်းအားနဲ့ နံပါတ်တစ်နေရာမှာ ရပ်တည်နေပြီး အရင်နှစ်ကထက် စာရင် နှစ်အလိုက်ဖွံ့ဖြိုးမှု ၂၂% ကျဆင်းသွားပါတယ်။ ဒုတိယနေရာက Samsung ဟာ ဖုန်းအလုံးရေ ၈.၃ သန်း ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစု ၁၉% ရထားပါတယ်။
တစ်နှစ်လုံးအတိုင်းအတာအရ Xiaomi ဟာ ၂၀၂ ခုနှစ်အတွင်း အိန္ဒိယဖုန်းဈေးကွက်မှာ စမတ်ဖုန်းအလုံးရေ ၄၀.၅ သန်း ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစု ၂၅% နဲ့ ထိပ်ဆုံးက ရပ်တည်နေပါတယ်။ သူ့နောက် Samsung (စမတ်ဖုန်းအလုံး ၃၀.၁ သန်း ၊ ဈေးကွက်ဝေစု ၁၉%) ၊ Vivo (စမတ်ဖုန်းအလုံးရေ ၂၅.၇ သန်း ၊ ဈေးကွက်ဝေစု ၁၆%) ၊ realme (ဖုန်းအလုံးရေ ၂၄.၂ သန်း ၊ ဈေးကွက်ဝေစု ၁၅%) နဲ့ OPPO (ဖုန်းအလုံးရေ ၂၀.၁ သန်း ၊ ဈေးကွက်ဝေစု ၁၂%) စီ နဲ့ အစဉ်အတိုင်း ရှိနေပါတယ်။