အိန္ဒိယမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်မှာ လတ်တလော ရက်ပိုင်းအတွင်း တရားမဝင် အရက်ပုန်းသောက်ရာမှ အဆိပ်သင့်သေဆုံးသူ ၉၈ ဦးထက်မနည်းရှိခဲ့ကြောင်း တာဝန်ရှိသူတွေနဲ့ သတင်းတွေက ဩဂုတ် ၁ ရက်မှာ ပြောပါတယ်။
(Photo: AFP)
ပန်ဂျပ်ပြည်နယ်ရှိ ခရိုင်သုံးခုမှာ အရက်အဆိပ်သင့်ပြီး သေဆုံးမှုတွေ ဖြစ်ပွားခဲ့ကြောင်းနဲ့ ရဲတပ်ဖွဲ့က ရှာဖွေစီးနင်းမှု ၁၀၀ ကျော် လုပ်ဆောင်ခဲ့ကာ လူ ၂၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း Press Trust of India (PTI) သတင်းက ဖော်ပြပါတယ်။ အိန္ဒိယနိုင်ငံမှာ တရားမဝင်ချက်လုပ်ပြီး တစ်လီတာ တစ်ပုလင်းလျှင် ရူပီးငွေ ၁၀ (မြန်မာကျပ်ငွေ ၁၈၀ ဝန်းကျင်) ဖြင့် အလွန်ဈေးပေါပေါဖြင့် ရောင်းချနေတဲ့ အရက်အဆိပ်သင့်မှုကြောင့် နှစ်စဥ် လူဦးရေ ရာနဲ့ချီ သေဆုံးကြပါတယ်။
တာဝန်ရှိသူတစ်ဦးက AFP သတင်းဌာကို ပြောကြားမှုအရ အရက်အဆိပ်သင့်မှုကြောင့် Gurdaspur ခရိုင်မှာ လူ ၁၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ထို့အတူ အရက်အဆိပ်သင့်မှုတွေကြောင့် အိမ်နီးချင်း ခရိုင်ဖြစ်တဲ့ Amritsar မှာ ၁၂ ဦးနဲ့ Tarn Taran ခရိုင်မှာ ၇၅ ဦး သေဆုံးခဲ့ကြောင်း PTI သတင်းက ဖော်ပြပါတယ်။
(Photo: AFP)
အရက်အဆိပ်သင့်မှုကြောင့် လူအများအပြား သေဆုံးရမှုအပေါ် အထူးစုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရန် အမိန့်ပေးခဲ့ပြီးအပြစ်ရှိသူ မည်သူကိုမဆို အလွတ်ပေးမှာ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ Indian Express သတင်းစာက ဖော်ပြထားမှုအရ Amritsar ခရိုင်မှာ အရက်ပုန်းသောက်ပြီး သေဆုံးခဲ့တယ်လို့ သံသယရှိသူ အမျိုးသားတစ်ဦးရဲ့ ဇနီးဖြစ်သူကို အရက်ပုန်းရောင်းမှုဖြင့် ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယတောင်ပိုင်း အင်ဒရာပရာဒက်ရှ်ပြည်နယ်မှာ COVID-19 ထိန်းချုပ်ရေး lockdown အစီအမံအရ အရက်ဆိုင်များပိတ်ထားစဥ် အရက် (အယ်လ်ကိုဟော) ပါဝင်တဲ့ လက်သန့်စင်ဆေးရည်တွေ သောက်ကြရာမှ လူ ၁၀ ဦး သေဆုံးခဲ့
ကြောင်း တာဝန်ရှိသူတွေက ဇူလိုင် ၃၁ ရက်မှာ ပြောကြားခဲ့ပြီးနောက် ပန်ဂျပ်ပြည်နယ်မှာ အရက်အဆိပ်သင့်မှုတွေ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။