အိန္ဒိယအနောက်ပိုင်းရှိ အစိုးရဆေးရုံတစ်ရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ COVID-19 လူနာ အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ယမန်နေ့ (နိုဝင်ဘာ ၆ ရက်) က ဖြစ်ပွားခဲ့တဲ့ ဆေးရုံမီးလောင်မှုက အိန္ဒိယတစ်ဝန်း ကပ်ရောဂါကုဆောင်တွေ မီးလောင်မှုများအနက် နောက်ဆုံးတစ်ခုလည်း ဖြစ်လာပါတယ်။ မဟာရက်ရှ်ထရာပြည်နယ် Ahmadnagar ခရိုင်ရှိ အဆိုပါဆေးရုံ မီးလောင်မှုဖြစ်ပွားစဥ် အထူးကြပ်မတ်ကုသဆောင်ထဲမှာ COVID-19 ကူးစက်ခံလူနာ ၂၄ ဦးခန့်ရှိနေခဲ့ပါတယ်။
(Photo: AFP)
မီးလောင်မှုအတွင်း သေဆုံးခဲ့သူအများစုဟာ အသက် ၆၀ နှစ်အထက် လူနာတွေဖြစ်ပါတယ်။ မီးလောင်ကျွမ်းပျက်စီးသွားတဲ့ ဆေးရုံလူနာဆောင်ဟာ COVID-19 လူနာတွေထားရှိရန် အသစ်ဆောက်လုပ်ထားတာဖြစ်ကြောင်း သိရပါတယ်။ မဟာရက်ရှ်ထရာပြည်နယ် ဝန်ကြီးချုပ် Udhav Thackeray ယခုမီးလောင်မှုနဲ့ ဆေးရုံမှာ ဘေးကင်းလုံခြုံမှုကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့ပါတယ်။
မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ဆေးရုံဟာ မွမ်ဘိုင်းမြို့မှ ၁၅၅ မိုင်အကွာမှာ တည်ရှိပါတယ်။ အိန္ဒိယမှာ ဧပြီ-မေ ကာလအတွင်း COVID-19 ကူးစက်မှုတွေ အဆိုးဆုံး မြင့်တက်ဖြစ်ပွားခဲ့စဥ်က နိုင်ငံရဲ့ ရန်ပုံငွေမလုံလောက်နေတဲ့ အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ အရုန်းကန်ရဆုံး အခြေအနေဖြစ်ခဲ့ပါတယ်။
(Photo: AP)
အိန္ဒိယမှာ COVID-19 ကုသရေး ဆေးရုံအတော်များများ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနာသေဆုံးမှုတွေလည်း အများအပြားရှိခဲ့ပါတယ်။ မေလအတွင်း ဂူဂျာရတ်ပြည်နယ်မှာ ဆေးရုံတစ်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ရာ COVID-19 လူနာ အနည်းဆုံး ၁၆ ဦးနဲ့ သူနာပြု ၂ ဦး သေဆုံးခဲ့ပါတယ်။ ထိုမီးလောင်မှုဟာ ဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ဝါယာရှော့ဖြစ်တာကြောင့်လို့ ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှုက ကောက်ချက်ချခဲ့ပါတယ်။
ဧပြီလအတွင်းကလည်း မွမ်ဘိုင်းမြို့ရှိ ပုဂ္ဂလိဆေးရုံတစ်ရုံမှာ မီးလောင်မှုကြောင့် COVID-19 လူနာ အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့ပြီး ထိုမီးလောင်မှုမတိုင်မီ ရက်ပိုင်းအကြာက နောက်ထပ် ဆေးရုံတစ်ရုံ မီးလောင်မှုအတွင်း လူ ၂၂ ဦး သေဆုံးခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။