ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က အိန္ဒိယနိုင်ငံထုတ် COVID-19 ကာကွယ်ဆေး Covaxin ကို အရေးပေါ်သုံးအတွက် နိုဝင်ဘာ ၃ ရက်နေ့မှာ တရားဝင် ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။
Covaxin ဟာ အိန္ဒိယပြည်တွင်းမှာ ဖော်စပ်ထုတ်လုပ်တဲ့ ပထမဆုံး COVID-19 ကာကွယ်ဆေးလည်း ဖြစ်ပါတယ်။ အိန္ဒိယမှာ Covaxin ကို ဇန်နဝါရီလအတွင်း တတိယအဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေဆဲအချိန်က အသုံးပြုရန် ခွင့်ပြုချက်ပေးခဲ့ရာ စိုးရိမ်မှုနဲ့ ဝေဖန်မှုအချို့ရှိခဲ့ပါတယ်။
(Photo: Getty Images)
ကာကွယ်ဆေးထုတ်လုပ်တဲ့ Bharat Biotech ကုမ္ပဏီက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ Covaxin ဟာ COVID-19 ကို ၇၈ ရာခိုင်နှုန်း ထိရောက်တဲ့ ကာကွယ်မှုပေးနိုင်တယ်လို့ ဆိုပါတယ်။ Covaxin ကာကွယ်ဆေးဟာ ဆိုးကျိုးထက် ကောင်းကျိုးပိုများတယ်လို့ ယုံကြည်ကြောင်း WHO က Twitter မှာ ပြောထားပါတယ်။
ကျွမ်းကျင်သူအချို့ကတော့ ကာကွယ်ဆေးကို မြန်မြန်ဆန်ဆန် ခွင့်ပြုပေးခြင်းနဲ့ မပြည့်စုံတဲ့ အချက်အလက်တွေကို ထောက်ပြခဲ့ကြပေမဲ့ Bharat Biotech ဥက္ကဌ ဒေါက်တာခရစ်ရှ်နာအယ်လာက Covaxin ဟာ ၂၀၀ ရာခိုင်နှုန်း ဘေးကင်းစိတ်ချရတယ်လို့ ပြောခဲ့ပါတယ်။ Bharat Biotech ကုမ္ပဏီက ကာကွယ်ဆေး တရားဝင် ခွင့်ပြုချက်အတွက် ဇူလိုင်လအတွင်း WHO ထံ လျှောက်ထားတင်ပြခဲ့တာ ဖြစ်ပါတယ်။
(Photo: Getty Images)
ပြီးခဲ့တဲ့လမှာ WHO ရဲ့ ကျွမ်ကျင်းသူအဖွဲ့က Covaxin နဲ့ ပတ်သက်ပြီး အကဲဖြတ် လေ့လာဆန်းစစ်စဥ် ကုမ္ပဏီထံမှ နောက်ထပ် အချက်အလက်တွေတောင်းခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယထုတ် Covaxin ကို နိုင်ငံအနည်းငယ်ကသာ အသိအမှတ်ပြုထားခဲ့သေးရာ WHO ရဲ့ ခွင့်ပြုချက်ရရှိခြင်းက ထိုအခြေအနေကို ပြောင်းလဲစေလိမ့်မယ်လို့ ဆိုပါတယ်။
အိန္ဒိယမှာတော့ Covaxin ကာကွယ်ဆေး ၁၀၅ သန်းကျော် ထိုးပေးထားပြီး ဖြစ်ပါတယ်။ အိန္ဒိယက လက်ရှိအချိန်အထိ COVID-19 ကာကွယ်ဆေးထိုးရန် အကျုံးဝင်တဲ့ လူဦးရေရဲ့ လေးပုံတစ်ပုံဖြစ်တဲ့ လူ ၂၅၃ သန်းကျော်ကို ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပေးပြီးဖြစ်ကြောင်း သိရပါတယ်။ ကာကွယ်ဆေးထိုးရန် အကျုံးဝင်တဲ့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ လူ ၆၅၃ သန်းခန့်ကတော့ ကာကွယ်ဆေး တစ်ကြိမ်ထိုးပြီးဖြစ်ပါတယ်။
WHO က Covaxin ကာကွယ်ဆေးကို အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ပေးခဲ့ရာမှာ အောက်ပါအချက်များကို ပြောထားပါတယ်။
- Covaxin ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးရန်၊ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ကို သီတင်းလေးပတ်ခြားပြီး ထိုးရန်နဲ့ အသက် ၁၈ နှစ်အထက်တွေမှာ အသုံးပြုရန်၊
- ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးနောက် ၁၄ ရက် သို့မဟုတ် ထိုထက်ပိုတဲ့ရက်အကြာမှာ Covaxin က COVID-19 ကို ၇၈ ရာခိုင်နှုန်း ထိရောက်တဲ့ ကာကွယ်မှုပေးနိုင်၊ သိုလှောင်သိမ်းဆည်းရန် လွယ်ကူတာကြောင့် ဝင်ငွေနိမ့်တဲ့ နိုင်ငံတွေနဲ့ ဝင်ငွေအလယ်အလတ် နိုင်ငံတွေမှာ အသုံးပြုရန်သင့်လျော်၊
- ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ Covaxin ကာကွယ်ဆေးထိုးခြင်းနဲ့ ပတ်သက်ပြီး ဘေးကင်းမှု သို့မဟုတ် ထိရောက်မှုကို လေ့လာသိရှိရန် လုံလောက်တဲ့ အချက်အလက် မရရှိသေး၊