အိန္ဒိယအစိုးရက COVID-19 ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားတဲ့ ပြည်ပခရီးသွားတွေကို ပုံမှန် စီးပွားဖြစ်လေကြောင်းလိုင်း ခရီးစဥ်များဖြင့် ယနေ့ (နိုဝင်ဘာ ၁၅ ရက်) မှစပြီး နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုနေပြီ ဖြစ်ပါတယ်။
အိန္ဒိယမှာ ကူးစက်မှုနှုန်းလျော့ကျပြီး ကာကွယ်ဆေးထိုးမှုနှုန်း မြင့်မားလာတာကြောင့်လည်း အာဏာပိုင်တွေက ကပ်ရောဂါဆိုင်ရာ စည်းမျဥ်းကန့်သတ်ချက်တွေကို ဖြေလျှော့ပေးနေပါတယ်။ အိန္ဒိယကိုလာရောက်တဲ့ ပြည်ပခရီးသွားတွေဟာ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားရန်နဲ့ လေယာဥ်မစီးမီ ၇၂ နာရီအတွင်း COVID-19 မရှိကြောင်း ကျန်းမာရေးစစ်ဆေးမှုအဖြေ ပြသရမှာဖြစ်ပါတယ်။
ထို့အတူ ကပ်ရောဂါဆိုင်ရာ စည်းမျဥ်းအားလုံးကို လိုက်နာရန်လည်း လိုအပ်ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ပြည်ပခရီးသွားအများအပြားဟာ အိန္ဒိယကိုရောက်ရှိပြီးနောက် လေဆိပ်မှာ COVID-19 ရှိ မရှိ စစ်ဆေးမှုခံယူရန် လိုအပ်မယ်လို့ ဆိုပါတယ်။
(Photo: AP)
သို့သော် ကာကွယ်ဆေးထိုးပြီးကြောင်း အသိအမှတ်ပြုမှုအတွက် အိန္ဒိယနဲ့ နှစ်ဘက်သဘောတူညီမှုရှိတဲ့ အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပနိုင်ငံ အများအပြားမှ လာရောက်သူတွေကတော့ လေဆိပ်မှာ COVID-19 စစ်ဆေးမှုခံယူရန် မလိုအပ်ပါဘူး။ အိန္ဒိယဟာ ကပ်ရောဂါကူးစက်မှုတွေကြောင့် ၂၀၂၀ ခုနှစ် မတ်လမှစပြီး စီးပွားဖြစ်လေကြောင်းလိုင်း ခရီးစဥ်တွေ နိုင်ငံသို့ဝင်ရောက်ခွင့် ပိတ်ထားခဲ့ပြီးနောက် ယနေ့ ပထမဆုံးအကြိမ် ပြန်ဝင်ရောက်ခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။
အိန္ဒိယဟာ ကပ်ရောဂါထိန်းချုပ်ရေး ကြိုးပမ်းဆောင်ရွက်ရာမှာ ကမ္ဘာ့နိုင်ငံတွေအနက် အတင်းကျပ်ဆုံး lockdown အစီအစဥ်တွေ ချမှတ်ခဲ့ပါတယ်။ အထူးလေယာဥ်ခရီးစဥ်ဖြင့် လာရောက်ကြတဲ့ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသား ပြည်ပခရီးသွားတွေကိုတော့ အိန္ဒိယက ပြီးခဲ့တဲ့လအတွင်းမှစပြီ ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။
အိန္ဒိယဟာ COVID-19 ကူးစက်မှု ၃၅ သန်းကျော်ရှိခဲ့ပြီး တစ်ကမ္ဘာလုံးမှာ အမေရိကန်ပြီးလျှင် အများဆုံးဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ အရွယ်ရောက်ပြီး လူဦးရေရဲ့ ၇၉ ရာခိုင်နှုန်းဟာ ကာကွယ်ဆေး တစ်ကြိမ်ထိုးထားပြီးဖြစ်ကြောင်းနဲ့ ၃၈ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးဖြစ်ကြောင်း သိရပါတယ်။