အိန္ဒိယအစိုးရက COVID-19 ထိန်းချုပ်ရေး တစ်နိုင်ငံလုံးကို lockdown လုပ်ထားမှုကို မေ ၃၁ ရက်အထိ ထပ်မံ တိုးချဲ့သတ်မှတ်လိုက်ကြောင်း သိရပါတယ်။
အိန္ဒိယမှာ COVID-19 ကူးစက်ခံရသူ ၁ သိန်းနီးပါး (၉၅,၆၀၀ ကျော်) အထိ တရိပ်ရိပ် တိုးလာနေခဲ့ရာ အစိုးရက lockdown ကာလကို မေ ၁၇ ရက်မှာ တိုးချဲ့သတ်မှတ်လိုက်ပါတယ်။ Lockdown ကာလတိုးချဲ့ပြီးနောက် ရဲတပ်ဖွဲ့နဲ့ သောင်တင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားများကြား နောက်ထပ် ထိပ်တိုက်တွေ့မှုတွေလည်း ပေါ်ပေါက်လာခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။ ယခုအခါ အိန္ဒိယက COVID-19 စတင်တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံထက် ကူးစက်မှုပိုများတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်လာခဲ့ပါတယ်။
(Photo: Amit Dave/Reuters)
အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ စာသင်ကျောင်းများ၊ ဈေးဝယ်စင်တာများနဲ့ အခြား အများပြည်သူဆိုင်ရာ နေရာအများစုကို ဆက်လက် ပိတ်ထားမှာဖြစ်ပါတယ်။ သို့သော် ကူးစက်မှုလျော့နည်းတဲ့ နေရာတွေမှာတော့ ပိတ်ပင်ကန့်သတ်မှုတွေ ဖြေလျှော့သွားမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အမိန့်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အိန္ဒိယမှာ ယခုတစ်ကြိမ် lockdown ကာလတိုးချဲ့မှုဟာ လေးကြိမ်မြောက်လည်း ဖြစ်လာပြီး အိန္ဒိယမီဒီယာတွေက Lockdown 4.0 လို့ သုံးနှုန်းဖော်ပြနေကြပါတယ်။ အိန္ဒိယအစိုးရက COVID-19 ထိန်းချုပ်ရေးအတွက် တစ်နိုင်ငံလုံးရှိ လူဦးရေ ၁.၃ ဘီလီယံကို မတ်လ ၂၄ ရက်မှစပြီး အသွားအလာ ပိတ်ပင်ကန့်သတ်ကာ lockdown လုပ်ထားခဲ့တာ ဖြစ်ပါတယ်။
(Photo: Amit Dave/Reuters)
တစ်နိုင်ငံလုံး lockdown လုပ်ထားမှုက အိန္ဒိယတစ်ဝှမ်း စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေခဲ့ပြီး နေ့စားဝင်ငွေရှာရသူ ရွှေ့ပြောင်းလုပ်သား သန်းနဲ့ချီပြီး အလုပ်လက်မဲ့ဖြစ်ကာ ဝင်ငွေမရရှိတော့ဘဲ ရှင်သန်ရပ်တည်ရေးခက်ခဲကာ မြို့ကြီးတွေမှာ သောင်တင်နေခဲ့ကြပါတယ်။
သန်းနဲ့ချီတဲ့ ရွှေ့ပြောင်လုပ်သားတွေဟာ မိုင်ပေါင်းရာချီ ခရီးရှည်ကို လမ်းလျှောက်ခြင်း၊ ကားကြုံစီးခြင်းနဲ့ ကုန်စည်တင်ဆောင်တဲ့ ထရပ်ကားတွေပေါ်ကနေ လိုက်ပါခြင်းတို့ဖြင့် ၎င်းတို့နေရပ်ကို ပြန်ကြရန် ကြုံသလိုဖြစ်သလို ကြိုးစားခဲ့ကြပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့မှုတွေ ရှိခဲ့ပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေဟာ အစိုးရက စီစဥ်ပေးတဲ့ ဘတ်စ်ကားနဲ့ ရထားတွေထက် ထိုသို့ ကြုံသလို အစီအစဥ်ဖြင့် နေရပ်ပြန်နေကြပြီး ကားလမ်းနဲ့ ရထားလမ်းပေါ် မတော်တဆမှုတွေကြောင့် သေဆုံးမှုများရှိခဲ့ပါတယ်။
(Photo: Adnan Abidi/Reuters)
ယခု သီတင်းပတ်အစောပိုင်းကလည်း အူတာပရာဒက်ရှ်ပြည်နယ် Muzafarnagar ခရိုင်မှာ နေရပ်ပြန်ကြတဲ့ အလုပ်သမားခြောက်ဦး ကားကြိတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် မေ ၈ ရက်နေ့ကလည်း နေရပ်ပြန်ရန် ကြိုးပမ်းခဲ့ကြတဲ့ ရွှေ့ပြောင်းလုပ်သား ၁၆ ဦးဟာ ခြေကုန်လက်ပန်းကျပြီး မဟာရက်ရှ်ထရာပြည်နယ် Aurangabad မြို့ငယ်အနီး ရထားလမ်းမှာ အိပ်ပျော်နေကြစဥ် ရထားကြိတ်ခံရမှုကြောင့် သေဆုံးခဲ့ပါတယ်။