Xiaomi ရဲ့ အိန္ဒိယနိုင်ငံအတွင်းက ဘဏ်နဲ့ငွေပေးချေရေးဝန်ဆောင်မှုတွေ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။
ကမ္ဘာ့ဈေးကွက်ထဲ ငွေပေးချေရေးနဲ့ ချေးငွေဝန်ဆောင်မှုတွေ မိတ်ဆက်ပြီး ၃ နှစ်ဝန်းကျင်အကြာမှာ Xiaomi ဟာ ဒေါ်လာ ၁ ထရီလီယံတန်ကြေးရှိနိုင်တဲ့ ဈေးကွက်ကြီးကနေ နှုတ်ထွက်သွားတာပါ။ Tech Crunch သတင်းဌာနကို သတင်းပေးခဲ့တဲ့ အမည်ဖော်ပြမထားတဲ့ သတင်းအရင်းအမြစ်နှစ်ဦးရဲ့ အဆိုအရ Xiaomi ဟာ အိန္ဒိယရဲ့ Play Store နဲ့ ကုမ္ပဏီပိုင် App Store တွေပေါ်ကနေပါ Mi Pay နဲ့ Mi Credit မိုဘိုင်းအက်ပလီကေးရှင်းတွေကို ဖယ်ရှားလိုက်တာလို့ ဆိုပါတယ်။
Photo: gizmochina
UPI ငွေပေးချေရေးကွန်ရက်ကို ထိန်းကျောင်းနေတဲ့ အိန္ဒိယအမျိုးသား ငွေပေးချေရေးကော်ပိုရေးရှင်း (NPCI) ကလည်း Mi Pay ကို အဖွဲ့အစည်းရဲ့ တရားဝင်အသိအမှတ်ပြု UPI Apps စာရင်းကနေ ဖယ်ရှားလိုက်တယ်လို့ ပြောပါတယ်။ NPCI ဘက်ကတော့ အခုလို ဖယ်ရှားရတဲ့အပေါ် မှတ်ချက်ပေးခြင်း မရှိဘူးလို့လည်း Tech Crunch သတင်းက ဆိုပါတယ်။ အိန္ဒိယလို အရေးပါတဲ့ ငွေကြေးဈေးကွက်ထဲကနေ Xiaomi ရုတ်တရပ် ထွက်ခွာသွားတာဟာ ဈေးကွက်အတွင်း ကုမ္ပဏီရဲ့ အကြပ်အတည်းကို မြင်သာစေပါတယ်။
စမတ်ဖုန်းဈေးကွက်အနေနဲ့ Xiaomi ဟာ အိန္ဒိယမှာ နံပါတ်တစ်အဆင့် ရပ်တည်နေပြီး အမြတ်ပါးပါးနဲ့ ဈေးကွက်ထဲမှာ ထုတ်ကုန်များများ ရောင်းပြီး ဝင်ငွေတိုးတက်အောင် ကြိုးစားပါတယ်။ Xiaomi ရဲ့ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုတွေ ဖြစ်တဲ့ Mi Pay နဲ့ Mi Credit Apps တွေကို အိန္ဒိယကနေ ရပ်ဆိုင်းလိုက်တဲ့အပေါ် Xiaomi India ရဲ့ ကိုယ်စားလှယ်ဖြစ်သူက "နှစ်အလိုက် ဗျူဟာမြောက်အကဲဖြတ်မှု ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ရော ကျွန်တော်တို့ရဲ့ ပင်မစီးပွားဝန်ဆောင်မှုကိုပါ ပိုမိုအာရုံစိုက်နိုင်စေဖို့ ၂၀၂၂ မတ်လထဲမှာ Mi Financial Services တွေ ပိတ်သိမ်းခဲ့တာပါ" လို့ Tech Crunch ကို ပြောပါတယ်။
၄ နှစ်တာ သက်တမ်းအတွင်း ကုမ္ပဏီအနေနဲ့ ထောင်နဲ့ချီတဲ့ ဖောက်သည်တွေနဲ့ ချိတ်ဆက် ၊ ပံ့ပိုးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မိတ်ဖက် ပါတနာတွေနဲ့လည်း အလုပ်လုပ်နေပြီး ဒီဖြစ်စဉ်အတွင်း စားသုံးသူတွေကိုလည်း ပံ့ပိုးခဲ့တယ်လို့ ပြောပါတယ်။ အိန္ဒိယဗဟိုဘဏ်ကလည်း ဖောက်သည်တစ်ဦးရဲ့ဖုန်းကနေ ဘယ်လိုအချက်အလက်တွေ ရယူတယ် ၊ သူတို့ရဲ့ ချေးငွေစီစဉ်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ဆောင်တယ်ဆိုတဲ့ အချက်အလက်တွေ ချပြဖို့အပြင် တင်းကြပ်တဲ့ ဥပဒေတွေ ပြဌာန်းလိုက်တာကလည်း Xiaomi ကို အိန္ဒိယဘဏ်ဈေးကွက်ကနေ ထွက်ခွာစေတဲ့ အချက်တစ်ချက် ဖြစ်နိုင်ပါတယ်။
Photo: digitimes
Xiaomi ဟာ ပြီးခဲ့တဲ့ ၂၀၁၉ မတ်လထဲမှာ Mi Pay ကို အိန္ဒိယဈေးကွက်မှာ စတင်မိတ်ဆက်ခဲ့တာပါ။ အဲ့ဒီအချိန်က ကော်ပိုရိတ်အရာရှိတွေ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရ Mi Pay app ဟာ နိုင်ငံအနှံ့ မှတ်ပုံတင်အသုံးပြုသူ သန်း ၂၀ ကျော် ရထားတယ်လို့ ဆိုပါတယ်။ Mi Pay App နဲ့ တစ်နှစ်တည်းမှာပဲ Mi Credit လို့ ခေါ်တဲ့ ချေးငွေအစီအစဉ်တစ်ခု စတင်ခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ ဒေါ်လာ ၇၀ ကနေ ၁၄၀၀ အထိ အတိုးနှုန်းသက်သက်သာသာနဲ့ ငွေချေးပေးပါတယ်။
MI Credit ဟာ ဝန်ဆောင်မှုနဲ့ ချိတ်ဆက်ထားတဲ့ ပါတနာတွေကနေ တစ်ဆင့် ဖုန်းပိုင်ရှင်ရဲ့ ဖုန်းမှတ်တမ်း နဲ့ Text Messages တွေထဲ ဝင်ပြီး ငွေချေးဖို့ ငွေကြေးလွှဲပြောင်းတဲ့ အချက်အလက်တွေ စစ်ဆေးပြီးမှ ချေးငွေချပေးပါတယ်။ ၂၀၂၂ ဩဂုတ်လထဲမှာ Xiaomi India ရဲ့ အမှုဆောင်အရာရှိချုပ် မာနုဂျိန်းက Mi Credit နဲ့ Mi Pay App တွေဟာ အိန္ဒိယဘဏ္ဍာရေးဈေးကွက်ရဲ့ အဓိကဝန်ဆောင်မှုတစ်ခု ဖြစ်လာပြီလို့ ပြောခဲ့ပါတယ်။ အိန္ဒိယဟာ တရုတ်ပြီးရင် Mi Credit ရဲ့ ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်လာမယ်လို့ပါ ပြောခဲ့တာပါ။