တရုတ်စမတ်ဖုန်းကုမ္ပဏီတွေကို တင်းတင်းကြပ်ကြပ် စုံစမ်းစစ်ဆေးမှုလုပ်နေတဲ့ အိန္ဒိယကနေ Honor ဝန်ထမ်းတွေကို ပြန်ခေါ်ယူလိုက်ပြီ ဖြစ်တယ်လို့ ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဂျော့ချ် ဇောင်က ပြောပါတယ်။
တစ်ခါက Huawei လက်အောက်ခံ တန်ဖိုးသင့်စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Honor ဟာ ဈေးကွက်ကြီးတစ်ခုဖြစ်တဲ့ အိန္ဒိယကနေ ဝန်ထမ်းတွေ ပြန်ခေါ်ယူလိုက်ပေမယ့် ဈေးကွက်ထဲမှာ Brand အနေနဲ့ ဆက်ရှိဦးမှာ ဖြစ်ပြီး ဒေသတွင်း Partner လုပ်ငန်းတွေက Brand ကို ကိုင်တွယ်သွားမယ်လို့လည်း ဆိုပါတယ်။ တရုတ်စမတ်ဖုန်းကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Xiaomi ၊ OPPO နဲ့ Vivo တို့ကို ငွေကြေးခဝါချမှုလိုမျိုး အမှုတွေနဲ့ အိန္ဒိယအာဏာပိုင်တွေဘက်က ဆက်တိုက် စုံစမ်းစစ်ဆေးမှုလုပ်လာချိန်မှာ Honor က သတိကြီးကြီး ထားသွားတာ ဖြစ်ပါတယ်။
ဂျော့ချ်ဇောင်ကိုယ်တိုင်က Honor အမှတ်တံဆိပ်ဟာ ဈေးကွက်ရပ်တည်မှုကို အလွန်ကိုဘေးကင်းတဲ့ ချဉ်းကပ်မှုတစ်ခုအဖြစ် ပြောင်းသွားမယ်လို့ ပြောထားပါတယ်။ သူ့အနေနဲ့ ဒေသတွင်း ဝန်ထမ်းအဖွဲ့တစ်ဖွဲ့ စုစည်းဖို့ပါ ကြိုးစားထားတယ်လို့ ဆိုပါတယ်။ သိသာထင်ရှားတဲ့ အကြောင်းပြချက်တွေကြောင့် ကုန်အမှတ်တံဆိပ်ဖျက်သိမ်းတာတွေ ရှိလာမယ်လို့လည်း ပြောပါတယ်။ Honor အနေနဲ့ အခုချိန်အထိ တရားဝင် စုံစမ်းစစ်ဆေးခံရတာမျိုး မရှိသေးပါဘူး။
တခြား တရုတ်စမတ်ဖုန်းကုမ္ပဏီတချို့ကတော့ အိန္ဒိယအခွန်ဌာနနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတွေရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဖေဖော်ဝါရီလထဲမှာ အိန္ဒိယအခွန်အာဏာပိုင်တွေဟာ တရုတ်တယ်လီကွန်းပစ္စည်း အစိတ်အပိုင်းထုတ်လုပ်တဲ့ Huawei လုပ်ငန်းစုရဲ့ ရုံးခန်းတွေကို ဝင်ရောက်ရှာဖွေတာမျိုး လုပ်ခဲ့သလို မေလထဲမှာ Xiaomi ပိုင် ဒေါ်လာငွေ ၇၂၅ သန်းကို အိန္ဒိယငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး အေဂျင်စီ Enforcement Directorate က သိမ်းယူခဲ့ပါတယ်။
အိန္ဒိယမှာ ရှိတဲ့ OPPO ဖုန်းကုမ္ပဏီကိုလည်း ရူပီး ၄၃.၈၉ ဘီလျံ (ကန်ဒေါ်လာ ၅၅၁ သန်း) ဖိုး အကောက်ခွန်ရှောင်ရှားမှု လုပ်ခဲ့တယ်ဆိုပြီး စုံစမ်းစစ်ဆေးမှုတွေ ရှိနေပါတယ်။ OPPO နဲ့ လုပ်ငန်းစုတစ်ခုတည်းအောက်မှာ ရှိတဲ့ Vivo ကိုလည်း ငွေကြေးခဝါချမှုနဲ့ အိန္ဒိယအာဏာပိုင်တွေဟာ ငွေကြေးခဝါချမှုနဲ့ ရုံးနေရာတွေ ဝင်စီးနင်းမှု လုပ်ခဲ့သလို ရာနဲ့ချီတဲ့ ဘဏ်အကောင့်တွေ ပိတ်သိမ်းမှု လုပ်ဆောင်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းက နှစ်နိုင်ငံ ဟိမဝန္တာနယ်ခြားဒေသမှာ ဖြစ်ပွားခဲ့တဲ့ တရုတ်နဲ့ အိန္ဒိယတပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ ရန်ပွဲက စပြီး နှစ်နိုင်ငံတင်းမာမှုတွေ ရှိခဲ့ကြတာပါ။ လူ ၂၀ ကျော် သေဆုံးခဲ့တဲ့ ရန်ပွဲဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယအာဏာပိုင်တွေဟာ လုံခြုံရေးစိုးရိမ်ရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်နိုင်ငံက Mobile Apps ပေါင်း ၂၅၀ ကျော်ကို ပိတ်ပင်မှု လုပ်ခဲ့ပါတယ်။