မနေ့က ကစားခဲ့တဲ့ အင်ဒိုနီးရှားနဲ့ ထိုင်းတို့ရဲ့ ဆီးဂိမ်းဗိုလ်လုပွဲအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အသင်းကြား အပြန်အလှန်ထိုးကြိတ်ရန်ဖြစ်မှုမှာ အင်ဒိုနီးရှားရဲမှူးကြီးတဦးလည်း ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ရဲမှူးကြီး Komisaris Besar Polisi Sumardji ဆိုသူဖြစ်ပြီး ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားချိန်မှာ အင်ဒိုအသင်းတာဝန်ရှိသူတဦးအဖြစ်နဲ့ သူက ဝင်ရောက်ဖျန်ဖြေနေချိနမှာ ထိုးကြိတ်ခံခဲ့ရတာလို့ သိရပါတယ်။
အဆိုပါပွဲဟာ အကြိတ်အနယ်ရှိခဲ့ပြီး ထိုင်းက ပွဲပြီးခါနီးမှာ ချေပဂိုးကို သွင်းယူခဲ့ကာ အင်ဒိုနီးရှားအရန်ခုံတန်းဘက် သွားရောက်အောင်ပွဲခံခဲ့ရာကနေ ရန်ပွဲစတင်ခဲ့တာပါ။ အချိန်ပိုဆက်လက်ကစားရာမှာလည်း အင်ဒိုနီးရှားက အနိုင်ဂိုးကို သွင်းယူခဲ့ချိန်မှာ ထပ်မံဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့သလို ရဲမှူးကြီးလည်း အထိုးခံခဲ့ရတာလို့ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ဝင်ရောက်ဖျန်ဖြေဖို့အတွက် ကြိုးစားနေချိန်မှာပဲ သူဟာ လူအုပ်စုကြားထဲ ရောက်ခဲ့ကာ တွန်းထိုးခံရပြီးနောက် ပစ်လဲကျသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ သူ့ကို အခြားသူနှစ်ဦးက ဆွဲထူခဲ့ပြီး တွဲခေါ်ခဲ့ရကာ လုံခြုံရေးတဦးကလည်း မနည်းဖျောင်းဖျပြီး ဘေးလွတ်ရာကို သွားဖို့ ပြောခဲ့တာကို တွေ့ရပါတယ်။
ကွင်းလယ်ဒိုင်လူကြီးကတော့ အနီကတ်တွေကို ပလူပျံအောင် သုံးကာ ပွဲကို ထိန်းသိမ်းခဲ့ရပြီး အင်ဒိုနီးရှားက ၅-၂ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ပွဲက အကြိတ်အနယ်နဲ့ ကြည့်ကောင်းခဲ့သလို ပွဲချိန်တွင်း ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တာတွေက ကွင်းပြင်ပကိုပါ ရိုက်ခတ်ခဲ့ပြီး နှစ်ဖက်အရန်ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေကို တော်တော်လေးကို ထိန်းယူခဲ့ရပါတယ်။
ဒေသတွင်းမီဒီယာတွေကတော့ မွေ့ထိုင်းပွဲကို ကြည့်ခဲ့ရတယ်လို့ နောက်ပြောင်ပြောဆိုခဲ့ကြပြီး ဆီးဂိမ်းဗိုလ်လုပွဲတလျှောက် အပြင်းထန်ဆုံး ဗိုလ်လုပွဲလို့လည်း တင်စားခဲ့ရပါတယ်။ အင်ဒိုနီးရှားက အချိန်ပိုမှာ ၃ ဂိုးအထိ ထပ်သွင်းခဲ့ကာ ထိုင်းကို အနိုင်ယူခဲ့ပြီး ၃၂ နှစ်အတွင်း ပထမဆုံးအကြိမ် ဆီးဂိမ်းဘောလုံး ရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။