စောင့်ကြည့်ရမယ့် အရှေ့တောင်အာရှက e-Commerce တစ်ခု

အရှေ့တောင်အာရှ e-Commerce startup တစ်ခုဖြစ်တဲ့ Ula ဟာ ရင်းနှီးမြှပ်နှံရေးလုပ်ငန်းတွေဆီက ဒေါ်လာ ၈၇ သန်း အထောက်အပံ့ရခဲ့တယ်လို့ ဆိုပါတယ်။

           Ula ရဲ့ ဒုတိယအကြိမ်လုပ်ငန်းရင်းနှီးမြှပ်နှံမှုဖိတ်ခေါ်ချက်ဖြစ်တဲ့ Series B ရင်းနှီးမြှပ်နှံမှုမှာ Prosus Ventures ၊ Tencent နဲ့ B Capital တို့က ပူးတွဲဦးဆောင်ခဲ့ပြီး ဒီတစ်ကြိမ်မှာ ကမ္ဘာ့အချမ်းသာဆုံး e-Commerce ဘီလျံနာ ဂျက်ဖ်ဘီဇော့စ်လည်း ရင်းနှီးမြှပ်နှံမှုမှာ ပါဝင်ခဲ့တယ်လို့ TechCrunch က ဖော်ပြထားပါတယ်။




Photo: WFLA


           "အနီးအနားက လက်လီလုပ်ငန်းလေးတွေကို နည်းပညာနဲ့ ဝင်ငွေမြှင့်ပေးမယ်ဆိုတဲ့ တစ်ခုတည်းသောစိတ်ထားပြီး ဒီမစ်ရှင်ကို ၂၀၂၀ မှာ စတင်ခဲ့ပါတယ်။ ရိုးရာလက်လီသမားတွေအတွက် နည်းပညာမှာ ရင်းနှီးမြှပ်နှံရာမှာ ကြုံတဲ့ အခက်အခဲတွေ ၊ ပစ္စည်းပို့ဆောင်ရေးနဲ့ ဒေတာအခြေပြု ယုံကြည်မှုတည်ဆောက်နိုင်ရေး အဖြေရှာဖို့ ရေရှည်ချဉ်းကပ်မှု လုပ်နေပါတယ်။" လို့ Ula ပူးတွဲတည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် နီပန် မက်ဟာက ဆိုပါတယ်။

           အင်ဒိုနီးရှား e-Commerce startup တစ်ခုဖြစ်တဲ့ Ula ဟာ ပြီးခဲ့တဲ့နှစ်ကစလို့ ရင်းနှီးမြှပ်နှံမှု ဖိတ်ခေါ်ခဲ့ပြီးနောက် နာမည်ကြီးရင်းနှီးမြှပ်နှံသူတွေကို စိတ်ပါလာအောင် ဆွဲဆောင်နိုင်ခဲ့သလို ပထမအကျော့မှာ ဒေါ်လာသန်း ၃၀ ရင်းနှီးမြှပ်နှံမှုလည်း ရခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးရဲ့ ယုံကြည်မှုပါ အရယူနိုင်ခဲ့တာလို့ ဆိုရမှာပါ။

           သက်တမ်း တစ်နှစ်ခွဲပဲ ရှိသေးတဲ့ ဒီ startup ရဲ့ အရင်းအနှီးမတည်ငွေ ရှာဖွေမှုမှာ Amazon တည်ထောင်သူနဲ့အတူ B Capital Group ၊ Sequoia Capital India ၊ Lightspeed Venture Partners နဲ့ Quona Capital တို့လည်း ပါဝင်ရင်းနှီးမြှပ်နှံထားတာပါ။ ဂျက်ဖ်ဘီဇော့စ်ကတော့ သူ့ရဲ့ မိသားစုရုံး Bezos Expeditions ကနေ တစ်ဆင့် Ula မှာ ရင်းနှီးမြှပ်နှံဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။


Photo; kr-asia



           လုပ်ငန်းအချင်းအချင်း ချိတ်ဆက်တဲ့ B2B e-Commerce ပလက်ဖောင်းအဖြစ် လည်ပတ်နေတဲ့ Ula ဟာ ပစ္စည်းမှာယူ ၊ ပို့ဆောင်ရေးနဲ့ လုပ်ငန်းလည်ပတ်လုပ်ကိုင်ဖို့ အရင်းအနှီး အားနည်းချက်ရှိတဲ့ လက်လီလုပ်ငန်းငယ်လေးတွေကို ကူညီပေးနေတဲ့ ပလက်ဖောင်းတစ်ခုလို့လည်း ဆိုပါတယ်။ Ula ဟာ "အခုဝယ်ထား ပြီးမှ ငွေချေ" Buy-Now-Pay-Later အစီအစဉ်သစ်ကိုလည်း လုပ်ဆောင်နေပါတယ်။

           လောလောဆယ် Ula ပလက်ဖောင်းပေါ်မှာ သမရိုးကျလက်လီစတိုး ၇၀၀၀၀ ကျော်ရဲ့ ထုတ်ကုန်ပေါင်း ၆၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးနေပါတယ်။ ဒီ startup ကို အိန္ဒိယ Flipkart အမှုဆောင်ဟောင်း နီပန်မက်ဟာ ၊ Amazon မှာ အလုပ်လုပ်ခဲ့သူ အလန်ဝေါင် ၊ အင်ဒိုနီးရှား P&G မှာ စားသုံးသူရေးရာကြီးကြပ်သူ ဒါရီ ဆက်တီ နဲ့ Lazada ဝန်ထမ်းဟောင်း ရစ်ကီ တန်ဂါရာတို့က တည်ထောင်ခဲ့တာပါ။

Share

Loading Next Article...
က္က